စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၌ လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် မူလတန်းကျောင်းအုပ်ဆရာကြီး ၁ ဦးအား အကြမ်းဖက် သမားများ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဧပြီ ၁၉
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ကူတော့ပလ္လင်ကျေးရွာနေ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်း(၅၄)နှစ် (ဘ)ဦးမြင့်ဝင်းအား PDF အမည်ခံ အကြမ်းဖက်သမား များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းသည် ၎င်း၏နေအိမ်တံခါးဝ၌ ရှိနေစဉ် အဆိုပါနေအိမ်ရှေ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းတွင် နောက်ကျော ကျည်ထိမှန်ဒဏ်ရာ ၃ ချက်၊ ရင်ညွန့်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။