စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် များကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်း များ လုပ်ဆောင်နေသည့်အကြမ်းဖက်သောင်းကျန်းသူများအနက် ၅၃ ဦးတို့အား လက်နက်၊ ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် - ၂၉
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွား မှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် တာဝန်ရှိသူများက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပန်းဆောင်ရွက်လျက်ရှိ သော်လည်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် အစိုးရ၏အုပ်ချုပ်မှု ယန္တရားကိုပျက်ပြားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထောက်ထားညှာတာမှု ကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၂၈ ရက်နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာသို့ အကြမ်းဖက် သောင်းကျန်းသူအင်အား ၃၀၀ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာမှ ဦးကုလား(ဘ) ဦးစိန်ဝင်းတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးတွင် (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ဦးခန့်သည် ပန်းဆက် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ တောင်ဖြူကျေးရွာ အနီးတစ်ဝိုက်သို့ ရောက်ရှိလာသဖြင့် အဆိုပါကျေးရွာမှ တာဝန်သိ ကျေးရွာသား များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူအလောင်း ၃ လောင်း၊ တူမီးသေနတ် ၅၀ လက်အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ၅၃ ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အလားတူ ကနီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များသည် ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီခန့်တွင် မုံရွာ- ယာကြီးကျေးရွာသွား ကားလမ်း၏တောင်ဘက် ဇီးပင်တွင်းကျေးရွာ၏အနောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာသို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ဦးခန့်က လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်း ကျန်းသူများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၉ လောင်းနှင့်အတူ တူမီးသေနတ် ၂၂ လက်၊ လက်လုပ်မိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။