စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပြီး ပြန်လည် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက် လက်နက်ကိုင် အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပြီး ပြန်လည် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက် လက်နက်ကိုင် အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ စက်တင်ဘာ ၁၇

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ၊ စိန်ပန်းဘုန်းကြီးကျောင်း၌ ကန့်ဘလူမြို့ခုတင်(၁၀၀) ဆေးရုံမှ ဒေါက်တာ နေမိုး ဦးစီး ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်၍ မွန်းလွဲ ၂ နာရီ ၅၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် မလယ်ကျေးရွာမှ ကန့်ဘလူမြို့သို့ မော်တော်ယာဉ် ၄ စီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် ရေအေးကျေးရွာ အနီးအရောက် ကားလမ်းမပေါ်တွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က ရီမုလက်လုပ်ဆွဲမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် Hilux Double Cab ၂ ခန်းတွဲယာဉ်၏ နောက်ပိုင်းနှင့် ရှေ့တံခါးအနည်းငယ် မိုင်းစထိမှန်ပျက်စီးခဲ့ပါသည်။

    ထိုသို့အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် ရီမုလက်ဆွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အသေးစိတ် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။