စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြု တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်သူများအား လူစုခွဲရှင်းလင်း အမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းရမိ

နေပြည်တော်၊ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မေလ ၃ ရက်နေ့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်သူများအား လူစုခွဲ ခြင်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသား ၂ ဦးအား တူမီးသေနတ်၊ လက်လုပ်သေနတ်များနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လှည့်ကင်းဆောင်ရွက်စဉ် ဆည်တောကျေးရွာအထွက်အရောက်၌ ဦးဆောင်သူ လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းရန်ပြု ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် လူစုခွဲခဲ့ရာ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် လက်နက်ကိုင်အကြမ်းဖက်သူများ လူစုကွဲဆုတ်ခွာသွားခဲ့ပြီး အဆိုပါ လူအုပ်စု အတွင်းမှ တင်သားကျေးရွာနေ သိန်းဇော် (၅၃)နှစ် (ဘ) ဦးအေးမောင်နှင့် မြောက်စည်းရွာသစ်‌ ကျေးရွာ နေ ဌေးအောင် (၅၆)နှစ် (ဘ) ဦးတင်အုံး တို့ ၂ ဦးအား လက်လုပ်သေနတ်အကြီး ၂ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ တူမီးသေနတ် ၁ လက်၊ ယမ်းကြိုးခွေ ၁ ခွေ၊ ဝါယာကြိုးခွေ ၁ ခွေ၊ ဘတ္ထရီအိုး ၂ လုံးတို့နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။