စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တရားခံ သွားရောက်ပို့ဆောင်သည့်  ယာဉ်အား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းရန်ပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တရားခံ သွားရောက်ပို့ဆောင်သည့်  ယာဉ်အား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းရန်ပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၂၄

  ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ တရားခံသွားရောက် ပို့ဆောင်သည့်ယာဉ်အား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းရန်ပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

  ဖြစ်စဉ်မှာ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ထီးချိုင့်မြို့မရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါရဲစခန်းတွင်  ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရပြီး ဖမ်းဆီးထားသည့်တရားခံ အောင်ဇေယျရပ်ကွက်နေ အောင်ကိုထက် (၂၈)နှစ် (ဘ)ဦးမြင့်အောင်အား ကသာအကျဉ်းထောင်သို့ သွားရောက်ပို့ဆောင်ရန်အတွက် 7C/xxxx Surf မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ကသာမြို့နယ်၊ မဲအင်းကျေးရွာနှင့် သာဂရကျေးရွာကြား အရောက်၌ ဆူပူအကြမ်းဖက်သူ အင်အား(စိစစ်ဆဲ)က တူမီးသေနတ်၊ လက်လုပ် သေနတ်များဖြင့် မော်တော်ယာဉ်အား တားဆီး၍ ဝိုင်းဝန်းရန်ပြု ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ယာဉ်ပေါ်ပါ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိတွေ့မှုဖြစ်ပွားသည့်နေရာသို့ ထပ်မံအင်အားဖြည့် သွားရောက် ပူးပေါင်း၍ ဆူပူအကြမ်းဖက်သူများအား ခြောက်လှန့်ပစ်ခတ်လူစု ခွဲခဲ့ရာ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့သဖြင့် တရားခံအား ကသာအကျဉ်းထောင် သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ပါသည်။

  ထိုကဲ့သို့ ဆူပူအကြမ်းဖက်သူများက တရားခံပို့ဆောင်ရန် သွားရောက်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ရန်ပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။