စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များ၊ မြို့မိ/မြို့ဖ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် သီတဂူဆရာတော်ကြီးက ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေး ပြီး အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးသည်။ ၎င်းနောက် စေတနာရှင်၊ အလှူရှင် များက ဆေးပဒေသာပင်အတွက် စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၁၃၅ သိန်းကို ရေစက်သွန်းချတရားနာယူပြီး သီတဂူဆရာတော်ကြီးထံမှ လမ်းညွှန်ဩဝါဒကထာ မြွတ်ကြားကာ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ဝမ်းမြောက်ကျေးဇူး တင်စကား ပြောကြားသည်။
ဆက်လက်၍ ခွဲစိတ်ကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား လှည့်လည် ကြည့်ရှု အားပေးစကားပြောကြားပြီး သီတဂူဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။