နေပြည်တော်၊ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်အဖွဲ့အား သွားရောက်ရှင်းလင်းစဉ် အမျိုးသား ၂ ဦးအား တူမီးသေနတ်၊ လက်လုပ်သေနတ်၊ ဂက်စ်သေနတ်၊ ပြောင်းချောသေနတ်များ၊ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးအများအပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာနှင့် မသဲကြိုးကွင်းတောတိုက် ကြံတိုင်းအောင်ဘုရား အနီးပတ်ဝန်းကျင်တို့၌ လူငယ်အချို့တို့သည် အကြမ်းဖက်မှုကိုလိုလားသည့် နောက်ကွယ်မှ အဖွဲ့အစည်းအချို့၏ သွေးထိုး လှုံ့ဆော်မြှောက်ပင့် ထောက်ပံ့မှုများဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားထိခိုက် ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်နှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် လူစုဝေးခြင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများပြုလုပ်ခြင်း၊ သေနတ်ပစ်လေ့ကျင်သင်ကြား မှုများ ပြုလုပ်နေကြ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်းအကြမ်းဖက်အဖွဲ့အား ဖမ်းဆီးထိန်းသိမ်းရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နံနက် ၅ နာရီ ၃၅ မိနစ်အချိန်တွင် မသဲကြိုးကွင်း တောတိုက်သို့ရောက်ရှိစဉ် လက်နက်ကိုင် အကြမ်းဖက်သူ အင်အား ၁၀၀ ဦးခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်၊ ခါးချိုးလေသေနတ်၊ လက်လုပ်ဗုံးများ ဖြင့် ဝိုင်းဝန်းရန်ပြု အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ အချိန်တွင် လက်နက်ကိုင်အကြမ်းဖက်သူများမှာ လူစုခွဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အနက် ချောင်းမနားကျေးရွာနေ ဝေယံ (၂၄)နှစ် (ဘ) ဦးမင်းနိုင်နှင့် မထိသာကျေးရွာနေ တိုးတိုး (၂၀)နှစ် (ဘ) ဦးကျော်ဝင်းတို့ ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
အဆိုပါနေရာအား အသေးစိတစစ်ဆေးခဲ့ရာ တူမီးသေနတ်အရှည် ၂၂၀ လက်၊ အတို ၂ လက်၊ ဂက်စ်လေသေနတ် ၂၄ လက်၊ ၁၂ ဗို့ခါးချိုး သေနတ် ၂၄ လက်၊ ၁၂ ဗို့ကျည် ၁၀၇ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ဓာတ်ခဲ ၃ လုံးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် ချိန်ကိုက်မိုင်း ၁ လုံး၊ လက်လုပ်ဗုံး ၈၀ လုံး၊ ခဲသီးအလုံး ၂၀ ပါအထုပ် ၁၉ ထုပ်၊ ယမ်းထုပ်မျိုးစုံ ၄၂ ထုပ်၊ Laptop ၁ လုံး၊ Canon Printer ၁ လုံး၊ ဆိုင်ကယ် ၂ စီးနှင့် အခြားဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ပတ်သက်သူ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိသူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။