စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၌ လက်နက်ကိုင်အကြမ်းဖက်သူများ၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရ

နေပြည်တော်၊ မေ ၁၁

            စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၌ လက်နက်ကိုင်အကြမ်းဖက်သူများ၏ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ကလေးဝမြို့နယ်ရှိ အကျဉ်းဦးစီးဌာနသို့ အပြစ်ကျတရားခံများ ပို့ဆောင်ပြီး တန့်ဆည်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ရွာမှုံတောင်ကျေးရွာအုပ်စု၊ တောဂျင်ကျေးရွာ မုံရွာ-ကလေးဝကားလမ်း၊ မဟာမြိုင်တောအစပ်၊ မယ်တော်ကြီးကွေ့အနီးအရောက် လက်နက်ကိုင် အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၇ နာရီခန့်တွင် လူစုခွဲဆုတ်ခွာ ထွက်ပြေး သွားခဲ့ပြီး အဆိုပါအကြမ်းဖက်သူများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆက်လက်၍ပြန်လည်ထွက်ခွာလာခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်တွင် တန့်ဆည်မြို့သို့ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သတင်းရရှိသည်။