စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ နယ်မြေလှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် အကြမ်းဖက်ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၂၈

 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ နယ်မြေ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများက လက်နက်ငယ် များဖြင့် အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် ခုခံပစ်ခတ်စဉ် အမျိုးသား ၁ ဦးသေဆုံး၍ လက်နက်ငယ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တမူးမြို့နယ်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၅ နာရီအချိန် ကွန်းတောင်းကျေးရွာအနီး ဒေသအခေါ် ဂေါဘရန်အပေါက် အရောက် ဆူပူအကြမ်းဖက်သူအင်အား ၁၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာတွင် ဆူပူအကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများအနက်မှ  အနက်ရောင်ဝတ်စုံနှင့် ခေါင်းစွပ် ဝတ်ဆင်ထားသည့် အမျိုးသား ၁ ဦးအား သေဆုံးလျက်တွေ့ရှိရပြီး ၎င်းလက်အတွင်းမှ AK 47 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၇.၆၂ ကျည် ၂၀ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။