နေပြည်တော်၊ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၌ စာသင်ကျောင်းအတွင်း ကျောင်းဝတ်စုံဝတ်ဆင် ဝင်ရောက် ကာ အသံဗုံးဖောက်ခွဲခဲ့သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ထီးချိုင့်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်း လုံခြုံစွာ စာပေသင်ကြားနိုင်စေရေး လုံခြုံရေးဆောင်ရွက်နေစဉ် ကျောင်းဝင်းအတွင်းမှ ပေါက်ကွဲသံ ကြားရသဖြင့် လိုက်လံစစ်ဆေးစဉ် ကျောင်းဝတ်စုံဝတ်ဆင်ထားပြီး လွယ်အိတ်လွယ်ထားသည့် အမျိုးသား ၁ ဦးသည် ကျောင်း၏အနောက်ဘက်ခြံစည်းရိုးအုတ်တံတိုင်းအား ကျော်တက်၍ ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းအား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှေ့ လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်အတွင်းမှ ဂက်စ်မီးခြစ် ၁ လုံးအား သိမ်းဆည်းရမိခဲ့ကာ ၎င်းဝတ်ဆင်ထားသော ကျောင်းဝတ်စုံအောက်တွင် အနက်ရောက်တီရှပ် လက်တိုအင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်တို့အား ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူအား စစ်ဆေးခဲ့ရာ အမှတ်(၁)စံပြ ရပ်ကွက်နေ စိုင်းညီ (ခ)ရှမ်းလေး (၁၆)နှစ်၊ ကျပန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား အမည်မသိ အမျိုးသမီး ၁ ဦးမှ ငွေတစ်သိန်း(၁၀၀၀၀ဝိ/)ကျပ်ပေးကာ ကျောင်းဝင်းအတွင်းတွင် အသံဗုံး ၁ လုံးဖောက်ခွဲ ပေးရန် စေခိုင်းသဖြင့် လက်ခံခဲ့ပြီး ၎င်းအမျိုးသမီးထံမှ ဆရာမိုးတံဆိပ်ပါ ပလက်စတစ်ဘူးဖြင့် ပြုလုပ် ထားသော အသံဗုံးအား ယူဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ကျောင်းဝတ်စုံဝတ်ဆင် ဝင်ရောက်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ လက်ဝဲသုန္ဒရအဆောင်နှင့် မန်လည်အဆောင်အကြား မြေကွက်လပ်၌ အသင့်ပါ လာသော မီးခြစ်ဖြင့် မီးရှို့ဖောက်ခွဲခဲ့ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိထားသူ စိုင်းညီ(ခ)ရှမ်းလေးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နောက်ကွယ်မှ ငွေပေးစေခိုင်းခဲ့သည့် အမျိုးသမီးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။