စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူ ၁ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အင်ဘုတ်ကျေးရွာအနီးအရောက်၌ လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၆၀ ဦးခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများမှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ ထွက်ပြေးရာ လမ်းကြောင်း အတိုင်း လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် အင်ဘုတ်ကျေးရွာနှင့် ဆပ်ပြာ ကျင်းကျေးရွာကြား အရောက်တွင် အဆိုပါလက်နက်ကိုင်အကြမ်းဖက်သူများက ထပ်မံ ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်လာမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သူများအတွင်းမှ ဗန်းမော် နည်းပညာ တက္ကသိုလ်မှ GTU စတုတ္ထနှစ် ကျောင်းသား အောင်ဇော်မြင့် (၂၁)နှစ် (ဘ)ဦးမင်းနိုင် အား လက်လုပ်တူမီးသေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်းတောင့် ၁၇ တောင့်၊ Fuse ၁ ချောင်း၊ ဓားရှည် ၂ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် အောင်ဇော်မြင့်အား စစ်ဆေးလျက်ရှိပြီး ၎င်းအပြင် အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်သူများအား ဖမ်းဆီးရမိနိုင်ရေးနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအားလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။