စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား  ဆူပူအကြမ်းဖက်သူများနှင့် KIA အဖွဲ့ က မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၈

    စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီး ကုန်တင်တွဲယာဉ် ၁ စီးတို့အား  ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုံပါကျေးရွာနေ သူရဇော်(၂၇)နှစ် (ဘ)ဦးမိုး၏ နေအိမ်အား အကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသား များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၃၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နေ ဦးလင်း(ခ)သိန်းထွန်းဦး(၃၃)နှစ် (ဘ)ဦးမှီ မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ သန့်ဇင်အောင်(၁၈)နှစ် (ဘ)ဦးသိန်းငွေ လိုက်ပါလာသော ၁၂ ဘီးတွဲယာဉ် 6J/xxx FUSO ယာဉ်သည်  မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၃၃ နှင့် ၂၃၄ ကြားအရောက်တွင် KIA အဖွဲ့အင်အား ၄၀ ဦးခန့်သည် လမ်း၏ ဝဲယာတောင်ကုန်းများပေါ်တွင် အသင့်နေရာယူကာ ကျန်အင်အား ၈ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကားပေါ်မှ ဆင်းခိုင်းပြီး ၎င်းတို့တွင် ပါရှိလာသည့် လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေ ၆ သိန်းကျပ်အား သိမ်းဆည်းကာ ၎င်းတို့ ၂ ဦးအား အမြန်ထွက်သွားရန် ပြောဆို၍ ယာဉ်အား သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းရှိ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သူများနှင့် မော်တော်ယာဉ် အား မီးရှို့ဖျက်ဆီးခဲ့သူ ဆူပူအကြမ်းဖက်သူများနှင့် KIA အဖွဲ့များအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။