စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူများက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်
နေပြည်တော် ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်၊ ဖက်ခတ်ကျေးရွာတွင် လုံခြုံရေး အခြေပြုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် နယ်မြေအေးချမ်းရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ဖက်ခတ် ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ တောင်ပေါ်အရောက်၌ တူမီးသေနတ်များ ကိုင်ဆောင်ထားသည့် လက်နက်ကိုင် အကြမ်းဖက်သူ အင်အား ၁ဝဝ ဦးခန့်မှ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၁ဝ နာရီ ၃၅ မိနစ်အချိန်တွင် လက်နက်ကိုင် အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် အကြမ်းဖက်သူများ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေရာတစ်ဝိုက်အား သွားရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သူများကိုင်ဆောင် အသုံးပြုခဲ့သည့် တူမီးသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။