စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော လုံခြုံရေး ယာဉ်တန်းအား အကြမ်းဖက် အဖွဲ့များက ရန်ပြုတိုက်ခိုက်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၁၈

 ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော လုံခြုံရေး ယာဉ်တန်းအား အကြမ်းဖက်သူများက ရန်ပြုတိုက်ခိုက်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်ပစ္စည်း ကိရိယာများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် စစ်လျင် ချောင်းကျေးရွာနေ အောင်ဘ(၃၅)နှစ်၊ (ဘ)ဦးမောင်ချို၏ နေအိမ်အတွင်းမှ အောင်ဘအား လေသေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ယမ်းထုပ် ၁ ထုပ်၊ သံဘောစေ့ များနှင့်အတူ အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ စိုးဝမ်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိရခြင်းမရှိဘဲ တူမီးသေနတ် ၁ လက်နှင့် ယမ်းထုပ် ၃ ထုပ်အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါကျေးရွာနေ ငှက်ပျော့၏ နေအိမ်တဲသို့ ဆက်လက်ရှာဖွေရန် ထွက်ခွာလာစဉ် စစ်လျင်ချောင်း ကျေးရွာအထွက် မုံရွာ−ကလေးဝ ကားလမ်း အရောက်၌ ဆူပူအကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းအား လမ်းဘေး ဝဲ/ယာ တောင်ကုန်းများမှ တူမီးသေနတ်/ လုပ်သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ် အကြမ်းဖက် တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၃ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ် လူစု ခွဲခဲ့ရကြောင်း သိရှိရသည်။

 လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် ရန်ပြုတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပူးပေါင်းပါဝင် ပတ်သက်သူများအား ဖော်ထုတ် အရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။