စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လူစုလူဝေးအား ထိန်းသိမ်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရန်ပြုသူအား ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံး
နေပြည်တော်၊ မတ်လ ၁၅
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့၊ ဇလုပ်ရပ်ကွက်၊ ကျောက်ကာလမ်းရှိ ဇလုပ်အဝိုင်းတွင် ဆူပူဆန္ဒပြသူအင်အား ၂၅၀ ဦးခန့်မှ လမ်းမကြီးအား ပိတ်ဆို့၍ ဆူပူအော်ဟစ်ဆန္ဒပြနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ အခြေအနေအား ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
၎င်းနေရာသို့ရောက်ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲနိုင်ရေး ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ လေးခွ၊ ဂျင်ကလိ၊ ကုန်းသီးများဖြင့် ရန်ပြုပစ်ခတ်နေစဉ် အရာတော်ဘက်မှ မောင်းနှင်လာသည့် တစ်ပါ အနီရောင်ယာဉ်တစ်စီးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အရှိန်ပြင်းစွာ မောင်းနှင်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း ဖြစ်သူ ဖိုးဇော်(စိစစ်ဆဲ)မှာ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်ပါ တစ်ပါယာဉ်ပေါ်တွင် အမျိုးသား (၂၀)ဦး ပါရှိလာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားရှိကာ ၎င်းတို့နှင့်အတူ ဓါး ၂ ချောင်း၊ လေးခွ ၇ လက်၊ ဂျင်ကလိ ၄ ချောင်း၊ လောက်စလုံး ၁၀ အိတ်တို့အား သိမ်းဆည်းရမိခဲ့ပြီး လူသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ ရဲလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။