စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ယခင်မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဥက္ကဌဟောင်း) ဝေမိုးနိုင်၏ သွေးထိုးလှုံ့ဆော်မှုအပေါ် အခြေခံဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အား ဖြိုခွဲထိန်းသိမ်းစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး

နေပြည်တော်၊ မတ် ၂၈ 

၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းအတွင်း ဦးဆောင်သူ(စိစစ်ဆဲ) လူစုလူဝေးအင်အား ၃၀၀ ဦးခန့်သည် လတ်တလောကာလ မုံရွာမြို့ပေါ်၌ ဆူပူဆန္ဒပြမှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုလုပ်ရပ်များတွင် ကိုယ်တိုင်ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ခဲ့သူ ယခင်မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဥက္ကဌဟောင်း) ဝေမိုးနိုင် (၂၆)နှစ် (ဘ) ဦးကိုကိုနိုင်၊ မွတ်စလင်/အစ္စလာမ်၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် မှုများအပေါ် အခြေခံ၍ အများပြည်သူသွားလမ်းမကြီးနှင့် လမ်းသွယ်များအား အတားအဆီးများဖြင့် ပိတ်ဆို့၍ လက်နက်များကိုင်ဆောင်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် သွားရောက်ခဲ့ပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိချိန် ဆူပူဆန္ဒပြသူများသည် အတားအဆီးများအား အကာ အကွယ်ယူ၍ လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လောက်လွှဲစင်၊ လေးခွ၊ ဂျင်ကလိ၊ မီးပုလင်း၊ တုတ်၊ ခဲများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့ပြီး ဓား၊ လှံ၊ မှိန်းများကိုင်ဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် များအား တိုက်ခိုက်ရန် ညာသံပေးပြေးတက်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် လူစုကွဲသွား ခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့ပါသည်။ 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများအား ရှင်းလင်းဖယ်ရှားစဉ် ၎င်းတို့ကိုင်ဆောင်အသုံးပြုခဲ့သည့် လက်လုပ်ဂက်(စ်) သေနတ် ၂ လက်၊ ဂက်(စ်)ဗူး ၂ ဗူး၊ မီးစာတပ်ဆင်ထားသော ဓာတ်ဆီပုလင်း ၂၉ လုံး၊ လက်လုပ်ဗုံး ၁၈ လုံး၊ အသုံးပြုပြီး လက်လုပ်ဗုံး ၁၂ လုံး၊ သတ္ထုလက်လုပ်ဗုံး ၂ လုံး၊ ယမ်းပျော့များ ထည့်ထားသော အိတ် ၂ လုံး၊ ဘောစိထည့်ထားသော သံဘူး ၂ ဘူး၊ ဂျင်ကလိ ၅၁ ချောင်း၊ လေးဘက်ချွန်သံဆူး ၂၅ ခု၊ လောက်လွှဲစင် ၁ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။ 

မုံရွာမြို့အတွင်း ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်မှုလုပ်ရပ်များတွင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်သူ ဝေမိုးနိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကို ရက်စက်စွာသတ်ဖြတ်ရာတွင် ဦးဆောင် ပြုလုပ်မှုဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ်ထားရှိခဲ့ပြီး ၎င်းမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် အများပြည်သူလူထုအနေဖြင့် တရားခံပြေးဖြစ်သူ ဝေမိုးနိုင်အား တွေ့ရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့နိုင်ပါရန် မတ်လ ၂၇ ရက်နေ့တွင် အသိပေးသတင်းထုတ် ပြန်ထားရှိပြီးဖြစ်ပါသည်။ 

အထက်ပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် လူသေဆုံးခဲ့မှုများနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့် အညီ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။