စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆပ်ပြာကျင်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆပ်ပြာကျင်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်

 
နေပြည်တော်၊ မတ် - ၁

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆပ်ပြာကျင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ လှည်းလမ်းပေါ်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဆပ်ပြာကျင်းကျေးရွာနေ ဦးရဲမင်းခေါင်(၄၁)နှစ် (ဘ) ဦးအောင်ငွေစိုးနှင့် ၎င်း၏ဇနီးဖြစ်သူ ဆပ်ပြာကျင်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်ဌေးငွေ(၄၈)နှစ် (ဘ)ဦးမြသောင်းတို့ ၂ ဦးသည် ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများ၏ လစာငွေများ ထုတ်ယူပြီး မြင်းမူမြို့မှ ဆပ်ပြာကျင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာမကြီးအား “CDM မလုပ်သည့်အတွက်ကြောင့်”ဟု ခြိမ်းခြောက်ပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးရဲမင်းခေါင်တွင် ဝဲနားနောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ခါးဝဲဘက် ထိုးသွင်း ဒဏ်ရာ ၁ ချက်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးငွေတွင် ဝဲနားကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများက ၎င်းတို့ ၂ ဦးထံမှ ဆရာ၊ ဆရာမများ၏ လစာငွေ ၇၉၉၅၀၀ ကျပ်နှင့် ငွေစုငွေချေးငွေ သိန်း ၂၀ ကျပ်တို့အား ယူဆောင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာ သတ်ဖြတ် မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။