စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် တောင်ပြင်ငယ်ကျေးရွာအတွင်းသို့ ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ချေမှုန်းတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် တောင်ပြင်ငယ်ကျေးရွာအတွင်းသို့ ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ချေမှုန်းတိုက်ခိုက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တောင်ပြင်ငယ်ကျေးရွာ စာသင်ကျောင်းအတွင်း ရောက်ရှိနေ သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရှိ နယ်မြေခံ ရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်သမားများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များပါဝင်သော အင်အား ၁၅၀ ဦးခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက် ဒဏ်ရာရရှိမှုများစွာဖြင့် ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာသို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး အဆိုပါကျေးရွာ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ နေထိုင်၍ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများထံမှ အဓမ္မဆက်ကြေးတောင်းခံခြင်း များနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ယနေ့ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရှာဖွေတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူများသည် ကျေးရွာ၏ အနောက်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်PDF အမည်ခံ အကြမ်းဖက်သမားများထံမှ ၎င်းတို့အသုံးပြုခဲ့သည့် Skat အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့်အတူ လက်လုပ်ပစ္စတို ၅ လက်၊ AK ကျည် ၇၀၀၀ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ AK ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံး၊ ဒီတိုနေတာ ၁၂၀ ခု၊ ယမ်းမှုန့် ၅ ပြည်၊ TNLA တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၂ စုံ နှင့် လက်မောင်းတံဆိပ်မပါ ပြောက်ကျားယူနီဖောင်း ၁၀ စုံတို့ အပါအဝင် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ် များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ကျေးရွာများအတွင်း လူနေ အိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချနေထိုင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဉပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။