စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၆၃၀ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၅ ဦး၊ ခွဲစိတ်ရောဂါ ၃၆ ဦး၊ ကလေးရောဂါ ၃၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၅၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၁၄၇ ဦးနှင့် သွားရောဂါ ၃၉ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ် လူနာ ၉ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅ ဦး၊ Ultrasound ရိုက်လူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ဆေးကုသမှု ခံယူနေသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။