စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအား PDF အကြမ်းဖက်သူ အင်အား ၇၀ ဦးခန့်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအား PDF အကြမ်းဖက်သူ အင်အား ၇၀ ဦးခန့်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၁၅

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG တို့သည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် NLD အစွန်းရောက် အများစုပါဝင်သော PDF အဖွဲ့များအနေဖြင့် ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်အရ ကွဲပြားပြီး အေးချမ်းစွာ နေထိုင်လိုသည့် ကျေးရွာများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို အင်အားသုံး၍ ဝင်ရောက်စီး နင်းကာ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ခြင်းတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအား PDF အကြမ်းဖက်သူ အင်အား ၇၀ ဦးခန့်က လက်နက်ငယ်များ၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ်၍ ကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းခံလာမှုကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ အချိန်မဆိုင်း သွားရောက် ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ PDF အကြမ်းဖက် သူများသည် ကျေးရွာအတွင်းနေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များရောက်ရှိစဉ်တွင် ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ကျေးရွာသူ၊ ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားသည့် PDF အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ ထပ်ကြပ်မခွာ လိုက်လံချေမှုန်း လျက်ရှိပြီး ကျေးရွာလုံခြုံရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်လိုသူ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် အဖွဲ့များ၏ ဉပဒေမဲ့လုပ်ကြံသတ်ဖြတ်မှုများ၊ အုပ်စုဖွဲ့၍ အနိုင်ကျင့်မှုများအပေါ် ရွံရှာစက်ဆုပ်လျက်ရှိကြပြီး ၎င်းအကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ကာ ရပ်ရွာတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး လုပ်ငန်းရပ်များအား တက်ကြွစွာ လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။