စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ပူဇော်ပွဲ အောင်ပွဲပြုလုပ်

စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ပူဇော်ပွဲ အောင်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၌ ပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးအတွင်းရှိ ဓမ္မာရုံ၌ ပြုလုပ်ရာ စစ်ကိုင်းမြို့၊ ရွှေဘုန်းရံသံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ အမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စစ်ကိုင်းမြို့၊ အာကာသကျကျောင်း ဆရာတော် ဘဒ္ဒန္တဩဘာသ ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ရွှေဘုန်းရံသံ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြသည်။
ထို့နောက် စစ်ကိုင်းမြို့၊ ဇေယျာညွန့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမန က အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ကြောင်း အောင်ဩဘာပတ္တနာကို ရွတ်ဖတ်ပူဇော်ပြီး စစ်ကိုင်းမြို့၊ မြို့မဈေးကြီးဆရာတော် ဘဒ္ဒန္တဩဒါတ က နတ်ပို့ ဂါထာကို ရွတ်ဖတ်သည်။
၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၂၀ ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၂၀၀၊ အလှူရှင်တစ်ဦးမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၈၀ ကျော်နှင့် ဆွမ်းဆန်စိမ်းများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များထံ ဆက်ကပ် လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ဩဂုတ် ၁၆ ရက်မှ ယနေ့အထိ ရွတ်ဖတ် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။