စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး သဘာဝမင်းဂံချောင်းအတွင်းသို့ ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး သဘာဝမင်းဂံချောင်းအတွင်းသို့ ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်

နေပြည်တော်၊ ဇန်နဝါရီ - ၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး သဘာဝမင်းဂံချောင်း အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ချောင်းကမ်းနံဘေး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး က ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရေငန်ပုစွန်ကျား(သားပေါက်)ကောင်ရေ ၅ သိန်းကို မင်းဂံချောင်းအတွင်းသို့ စိုက်ထည့်ပေးသည်။
ရခိုင်ပြည်နယ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနပိုင် ရေချိုငါးသားပေါက်စခန်းနှင့် ရေငန် ပုစွန်သားပေါက်စခန်းများမှ ထုတ်လုပ်ပေးသည့် ရေချိုငါးသားပေါက်များနှင့် ရေငန်ပုစွန် ငါးသားပေါက်များကို နှစ်စဉ်သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံအတွင်းသို့ မျိုးစိုက် ထည့်ပေးလျက်ရှိရာ ယခုနှစ်မျိုးစိုက်ရာသီ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ငါး/ပုစွန်ကောင်ရေ ၁၂ သိန်း မျိုးစိုက်ထည့်ရန် လျာထားတာဝန်ပေးအပ်ထားသည့်အပေါ် ကျောက်ဖြူမြို့နယ်၊ ငလပွေ့ရှိ သဘာဝရေပြင်သို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ရေငန်ပုစွန်သား ပေါက်ကောင်ရေ ၅ သိန်းကိုလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ မေယုမြစ်ဖျားပိုင်း၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်းနှစ်လက်မအရွယ် ရေချိုငါး သားပေါက်ကောင်ရေ ၂ ဒသမ ၁ သိန်းကို လည်းကောင်း မျိုးစိုက်ထည့်ပေးခဲ့ပြီး ဖြစ်၍ ယနေ့တွင် ရေချမ်းပြင်ရှိ မင်းဂံချောင်းအတွင်းသို့ ပေါက်တောမြို့နယ်၊ စိုးမဲကျီနှင့် စစ်တွေမြို့နယ်၊ ရေချမ်းပြင် ပုစွန်သားပေါက်စခန်းများမှ ရေငန်ပုစွန်သားပေါက်ကောင်ရေ ၅ သိန်း မျိုးစုံစိုက်ထည့်ပေးခဲ့သည့်အတွက် လျာထားချက်ကောင်ရေ ၁၂ သိန်းအပေါ်တွင် မျိုးစိုက်ထည့်သည့်အကောင်ရေ ၁၂ ဒသမ ၁ သိန်းဖြစ်၍ လျာထားချက်ပြည့်မီပြီးဖြစ် သည်။
ထို့ပြင် ဘူးသီးတောင်ရေချိုငါးသားပေါက်စခန်းများမှ ဒုတိယအသုတ် ရေချိုငါး သားဖောက်ရန် ပြင်ဆင်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ရေချိုငါးသားပေါက် အနည်းဆုံးကောင်ရေ ၁ သိန်းကို ဒုတိယအကြိမ် မေယုမြစ်ဖျား၌ ငါးမျိုးစိုက်ထည့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။