စစ်တွေမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၊ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်

စစ်တွေမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၊ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်ဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်နယ်ဝန်ကြီးများက ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာဘုရားဝန်းအတွင်းရှိ သာသနာ့ဗိန်မာန်တော်ကြီး၌ သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နန္ဒသိရီ ထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် လောကာနန္ဒာစေတီတော်မြတ်ကြီး ဝန်းအတွင်းရှိ အောင်စကြာမုနိသိမ်တော်မြတ်ကြီး၌ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် စကြာမုနိသွန်း စက်တော် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်ကြီး၏ လှိုဏ်ဂူတော်အတွင်း ကိန်းဝပ် စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း ကပ်လှူပြီး ဖူးမြော်ကြည်ညို ကြကာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်လျက်ရှိသော ကမ္ဘာ့ဗုဒ္ဓသာသနာ့ အာဇာနည် “ဂုရု ဂုရု မဟာဂုရု” အသျှင်စန္ဒြမဏိ ဗိမာန်တော်ကြီး တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုကြရာ ဗိမာန်တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်တွေမြို့ရှိ ဝင်္ကဘာကွင်း၌ ပြုလုပ်လျက်ရှိသည့် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကိုဆက်လက်ပြုလုပ်ရာ တိုင်းမှူးက ငွေမောင်းတန်း ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၂၄ သိန်းကျပ်၊ ဒုတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၁၆ သိန်းကျပ်၊ တတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၁၂ သိန်းကျပ်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ရွှေမောင်းတန်း ပထမဆု ရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၃၂ သိန်းကျပ်၊ ဒုတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၂၄ သိန်းကျပ်၊ တတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ၁၆ သိန်း ကျပ်ကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့ပြင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ချောတိုင် တက်ပြိုင်ပွဲကို အဆိုပါဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။