စစ်တွေမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ရှိ ဝိဇယသုခကာရီ သိမ်တော်ကြီးအား အသစ်ပြန်လည်မွမ်းမံခြင်း ရေစက်ချ မင်္ဂလာပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ရှိ ဝိဇယသုခကာရီ သိမ်တော်ကြီးအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများ၏လှူဒါန်းမှုဖြင့်    အသစ်ပြန်လည် မွမ်းမံခြင်း ရေစက်ချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်သည်။

ဦးစွာ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ဝိဇယသုခကာရီ သိမ်တော်ကြီး ကမ္ပည်းစာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝိဇယသုခကာရီ သိမ်တော်ကြီးအား ရေစက်ချမင်္ဂလာပြုလုပ်ကာ အလိုတော်ပြည့် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဝိဇယသုခကာရီ သိမ်တော်ကြီး   အသစ်ပြန်လည် မွမ်းမံရန်အတွက် အလှူငွေကျပ် သိန်း ၄ဝ ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး  သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။