စစ်တွေမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး မှုများဖြစ်ပေါ်ခဲ့သည့် အဘယရက္ခိတပရိယတ္တိစာသင်တိုက်နှင့် ပညာလင်္ကာရ ဘုန်းတော်ကြီး ကျောင်းတိုက်များရှိ သာသနိကအဆောက်အဦများ ပြုပြင်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ အဆိုပါကျောင်းတိုက်များမှ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ဝါဆို သင်္ကန်း၊ ဆွမ်း ဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်၊ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဘိုးအဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး အာဟာရ ဖြည့်စားသောက် ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြသည်။ ၎င်းနောက် အဘိုးအဘွားများအား နေ့လယ်စာ အာဟာရဖြည့်စား သောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းပြီး ဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌက ရိပ်သာဝန်းအတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများပြုပြင်ပြီးစီးမှုနှင့် အဘိုး အဘွားများ နေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။