စစ်တွေမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဝါတွင်းကာလ သံဃာတော်အပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာ ကျင်းပပြုလုပ်

စစ်တွေမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဝါတွင်းကာလ သံဃာတော်အပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ၈ ရက်နေ့၊ စက်တင်ဘာလ ၈ ရက်နှင့် ယနေ့တို့တွင် ပြုလုပ်ခဲ့သည့် သံဃာတော်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာကို စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ သံသနာ့ဗိမာန်တော် ကြီး၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသိရီ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျောက်ထားသည်။
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့ ဓမ္မသုခဘုန်းတော်ကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တသောမ ထံမှ အနုမောဓနာတရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်အပါး ၅၀၀ တို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် နှင့် အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်း ရရှိသည်။