စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းများနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ မတ် - ၁
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဝန်ထမ်း မိသားစုများအတွက် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက လည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင် များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။