စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းများနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

       နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေး အခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

     ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ခရိုင်ရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ပုသိမ်မြို့ရှိ တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးရုံး၌ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘားအံမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင် နှင့် အဖွဲ့ဝင်များက လည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။