နေပြည်တော် ဧပြီ ၂၁
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ စားရေး အခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ ဟိုမိန်းပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များနှင့် ဝမ်ပန်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း အသီးသီး သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ပဲ၊ ဆား စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။