စဉ့်ကူးမြို့နယ်နှင့် ရွှေတောင်မြို့နယ် အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၃

    မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကမ်းနားသစ်ရပ်ကွက်၌ ယနေ့ နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ရွှေမုထောဘုရားမုခ်ဦး စောင်းတန်း၊ ဧစေတီဘုရားစောင်းတန်း၊ ရွှေရပ်တောဘုရားဓမ္မာရုံနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ပြီး စေတီငယ်များ ထီးတော်အနည်းငယ်ယိုင်ခဲ့ကာ ဓါတ်တိုင်များ လဲကျ ပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့် နေရာသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မေ ၁ ရက်ညပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကသစ်တန်းကျေးရွာ၊ ကျောက်မြင့် ကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ အိုးထိန်းကျေးရွာအုပ်စုများရှိ လူနေအိမ် ၂၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်ဆီးခြင်း၊ နေအိမ်ပြိုလဲ ပျက်ဆီးခြင်း၊ စေတီတစ်ဆူ ထီးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ် ခဲ့သည့် ကျေးရွာများသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်များအား ပြန်လည်ပြုပြင်ပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အပျက် အဆီးများဖယ်ရှား ရှင်းလင်းပေးခြင်း၊ စေတီတော်အား သန့်ရှင်းရေးဆောင်ရွက် ပေးခြင်းနှင့် ထီးတော်ပြန်လည်တင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက မေ ၂ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးပြီး လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် လေဘေးသင့် ကျေးရွာများဖြစ်သည့် စမ်းကျေးရွာ၊ တောရဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ချော့ခေါ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဆရာတော်များအား ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ဖူး မြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။