စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

မြန်မာဘာသာစကားသည် ဧကဝဏ္ဏဘာသာစကားဖြစ်သည်ဟု ဘာသာဗေဒပညာရှင်များက သတ်မှတ်ကြသည်။ စကားလုံးတစ်လုံးချင်း အနက်ရှိသည်။ အဓိပ္ပာယ်ရှိသည်ဟုဆိုလိုသည်။ မြန်မာဘာသာ စကားကို လေ့လာလျှင် စကားလုံးတစ်လုံးချင်း အနက်အဓိပ္ပာယ်ရှိသော ဝေါဟာရကို တစ်လုံးချင်း သုံးသည်ကိုလည်း တွေ့ရမည်။ တစ်လုံးချင်းအနက် အဓိပ္ပာယ်ရှိသော ဝေါဟာရများကို နှစ်လုံး၊ သုံးလုံး စသည် ပူးတွဲပေါင်းစပ်၍ ဝေါဟာရအသစ်ဖန်တီး၍ သုံးသည်ကိုလည်း တွေ့ရမည်။

သတင်း ဟူသောစကားသည် သ နှင့် တင်း ဟူသော စကားနှစ်လုံးကို ပေါင်းစပ်ထားသော ဒွိဝဏ္ဏစကားဖြစ်သည်။ မြန်မာစာအဖွဲ့ကပြုစုသော ခရီးဆောင်မြန်မာအဘိဓာန်တွင် သတင်း ကို ကြားသိအပ်သောအဖြစ်အပျက်၊ အကြောင်းအရာဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤသည်မှာ အဘိဓာန်အနက်၊ အဘိဓာန် အဓိပ္ပာယ်ဟုဆိုရပါမည်။

သတင်း ဟူသောစကားကို ခွဲစိတ်လေ့လာရန် လိုအပ်လာပါသည်။ သ နှင့် တင်း ခွဲ၍လေ့လာနိုင်သည်။

သနှင့် တင်းတွင် တင်းသည် အဓိကစကားလုံးဖြစ်သည်။ တင်း၏အနက်မှာ မလျော့၊ ပြည့်ဝဖြစ်သည်။

မလျော့၊ ပြည့်ဝဟူသောအနက်မှ မလျော့သောအခြင်းအရာ၊ ပြည့်ဝသောအခြင်းအရာ၊ မလျော့သောအဖြစ်၊ ပြည့်ဝသောအဖြစ်ဟူ၍ အနက်သက်ရောက်ဆင့်ပွားသွားသည်။ ဤသည်မှာ အကြောင်းအရာ၊ အခြင်းအရာအဖြစ်သနစ် ဟူသောအဆင့်သို့ သက်ရောက်သွားပုံဖြစ်ပါသည်။

အဘိဓာန်များတွင်မူ တင်းကို နာမ်ပြုရှေ့ဆက်ပစ္စည်း အနှင့်ဆက်၍ အတင်း ဟူသော နာမ်ပုဒ်ဖန်တီးပါသည်။ အတင်း၏အဓိပ္ပာယ်ကို အကြောင်းအရာ၊စကားဟူ၍ ဖွင့်ဆိုပါသည်။ ချစ်တင်း၊ ကောင်းတင်း၊ မုန်းတင်းစသည် သုံးနှုန်းလေ့ရှိပါသည်။ ဤသည်မှာ အတင်း၏အခြေခံအနက်ဖြစ်ပါသည်။ အတင်းသည် အကြောင်းအရာ၊ အဖြစ်သနစ်၊ စကားဟူ၍အဓိပ္ပာယ်ရှိသည်ဟုဆိုရမည်။ ကောင်းသောအကြောင်းအရာ၊ ကောင်းသော အဖြစ်သနစ်၊ ကောင်းသောစကားလည်းဖြစ်နိုင်သည်။ မကောင်းသောအကြောင်းအရာ၊ မကောင်းသော အဖြစ်သနစ်၊ မကောင်းသောစကားလည်းဖြစ်နိုင်သည်။ သို့ရာတွင် ယခုအခါတွင် အတင်းဟုဆိုလိုက်လျှင် သူတစ်ပါးမကောင်းကြောင်း ပြောသောစကားဟူသော အနက်အဓိပ္ပာယ် သက်ရောက်မှု အားကြီးနေပါသည်။ အတင်းတွင် သိမ်ဖျင်းယုတ်ညံ့သောအနက်ကို ဆောင်သည့် အဖျင်းကို ဖြည့်စွက်ပြီး အတင်းအဖျင်း ဟုပင် သုံးနှုန်းကြပြန်ပါသည်။

မြန်မာတို့အစဉ်အဆက်က ပြောလာသော ဇာတ်ကြောင်း၊ အဖြစ်အပျက်ကို ပုံဟူ၍လည်းကောင်း၊ ပုံပြင်ဟူ၍လည်းကောင်း ခေါ်ဆိုလေ့ရှိပါသည်။ မြန်မာပြည်ဒေသအတော်များများတွင် ပုံ၊ ပုံပြင်ဟု ခေါ်ဆိုသုံးနှုန်းကြပါသည်။ သို့ရာတွင် ယောဒေသတွင် ပုံ၊ ပုံပြင်ဟုမဆိုဘဲ ရှေးတင်းဟု ခေါ်ဆိုကြပါသည်။ ရှေးအခါက ဖြစ်ခဲ့သော အတင်း၊ ရှေးအခါက ဖြစ်ခဲ့သော အကြောင်းဟု ဆိုလိုပါသည်။ ရွှေယုန်နှင့် ရွှေကျားသက်ငယ်ရိတ် သွားကြသည်ဆိုသော ရှေးတင်း။

ဤမျှဆိုလျှင် တင်းသည် အကြောင်း၊ အကြောင်းအခြင်းအရာ၊ အဖြစ်သနစ်ကိုဟောကြောင်း သိသာ ထင်ရှားလောက်ပြီဟု ဆိုရပါမည်။

ယခုအခါ သအကြောင်းဆွေးနွေးပါမည်။ တင်း ၏ရှေ့တွင်ရှိသော တင်း၏ အနက်ဖြည့်စွက်ညွှန်းပြသော သ၏အနက်ကို ဖော်ထုတ်ကြည့်ရန်ဖြစ်ပါသည်။

၏အနက်ကို အခြားသောကြိယာများနှင့် ယှဉ်ဖက်၍ သုံးသော ဝေါဟာရများ၌ ဖော်ထုတ်နိုင်သည်ဟု တင်ပြလိုပါသည်။ အဆိုပါကြိယာများမှာ ဆက်သ၊ နှံသ၊ ပသ၊ ပီသ၊ ပို့သ၊ ပိုင်သ၊ ပြသ၊ ဆင်သ၊ ခြယ်သ စသည့်ဝေါဟာရများ ဖြစ်ပါသည်။ အဆိုပါကြိယာများမှာ ဒွိဝဏ္ဏဝေါဟာရများဖြစ်ကြပြီး  ဆက်၊  နှံ၊ ပို့စသော အဓိကကြိယာများတွင် ပစ္စည်းသဖွယ်နောက်မှဆက်ထားသော သ၏အသုံးများ ဖြစ်ပါသည်။

ဆက်နွှယ်၊ ပတ်သက်၊ ဆက်စပ်အနက်များဖြင့် ယင်း၏ရှေ့ရှိ ကြိယာကို နှစ်လုံးထပ်ကာ နောက်တစ်လုံးအား ဖြည့်ထားသလောက် အနက်အားကောင်းစေသော သတ္တိရှိပါသည်။ ဆိုလိုသည်မှာ ဆက်သ တွင် သ ၏အနက်သည် ဆက်၊ ပို့သတွင် သ၏အနက်သည် ပို့၊ နှံသတွင် သ၏ အနက်သည် နှံစသည်ဖြင့် ရှေ့ကြိယာနှင့် သအနက်ထပ်တူဖြစ်သည် အထိအနက် အားကောင်းသည်ဟု ဆိုလိုပါသည်။ သ၏ ခြုံငုံမိသောအနက်မှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆက်စပ်၊ ဆက်နွှယ်၊ ထိမိ၊ ပတ်သက်ဟု ကောက်ယူနိုင်ပါသည်။

ဤသည်တို့မှာ သသည် ကြိယာ၏နောက်မှာနေ၍ ကြိယာ၏အနက်ကို လေးနက်စေသော၊ ရှေ့ကြိယာ၏ အနက်နှင့်တူသော အနက်ဖြင့် ရှေ့ကြိယာကို လေးနက်စေသော ဝေါဟာရအချို့ ဖြစ်ပါသည်။

သကို ကြိယာ၏ရှေ့မှာထား၍ ယင်း၏နောက်တွင်ရှိသော ကြိယာ၏အနက်ကိုပြုပြင်၍ ကြိယာဝေါဟာရ ဖြစ်လာသည်များကိုလည်း တွေ့ရသည်။

သာဓကအားဖြင့် သန၊ သနားတွင် သ အနက်ကို စဉ်းစားရန်ဖြစ်ပါသည်။ သန နှင့် သနား တို့တွင် သ ၏အနက်မှာ ပတ်သက်၊ သက်ဆိုင်၊ သက်ရောက်စသည်တို့မှ သက်၏အနက်ပင်ဖြစ်ကြပါသည်။ သ ရှေ့ဆက်ရှိသော ကြိယာစကားလုံးတို့ကဲ့သို့ပင် သ ရှေ့ဆက်ရှိသော နာမ်စကားလုံးများကိုလည်း တွေ့ရပါသည်။ ယင်းတို့မှာ သနစ်နှင့် သရစ် တို့ဖြစ်သည်။

မြန်မာအဘိဓာန်တွင် သနစ်ကို အဖြစ်၊ အပျက်၊ အကြောင်းအရာ၊ အခြေအနေဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သရစ်ကိုမူ ထွက်သစ်စအညွန့်အညှောက်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သနစ် တွင် နစ် ၏အနက်ကို အခြေပြုထားပါသည်။ နစ်သည် အတွင်းကျသောသဘော၊ နစ်နစ်နောနော အကြောင်းခြင်းရာကို ဆိုလိုပါသည်။ သရစ်တွင်လည်း ရစ် ၏အနက်ကိုပင် အခြေပြုထားသည်ကို တွေ့နိုင်ပါသည်။ ရစ် သည် ရစ်ခွေ၊ ရစ်ပတ်ဟူသော အနက်ပင်ဖြစ်ပါသည်။ (သနစ်သည်  စနစ်မှပြောင်းရွှေ့လာသည်ဟုလည်း ကြံဆနိုင်ပါသည်။)

ချုပ်၍ဆိုရသော် သနစ် ဟူသည် ဆက်စပ်သောဆက်နွှယ်သော၊ ပတ်သက်သော၊ နစ်နစ်နောနော အကြောင်းခြင်းရာ ဖြစ်သည်။ သရစ် သည်လည်း ဆက်စပ်သော၊ ဆက်နွှယ်သော၊ သက်ရောက်သော၊ ရစ်ခွေနေသည့်အရာပင်ဖြစ်ပေသည်။ ထို့အတူပင် သတင်း ဆိုသည်မှာလည်း ဆက်စပ်၊ ပတ်သက်၊ နှီးနွှယ်နေသော ပြည့်တင်းစုံလင်သော အကြောင်းအခြင်းအရာပင်ဖြစ်လေသည်။ တစ်လုံးချင်း အနက်ရှိသော နှင့် တစ်လုံးချင်းအနက်ရှိသော တင်းကိုတွဲစပ်ပြီး စကားလုံးသစ်တစ်လုံး ဖန်တီးထားသော ဝေါဟာရဖြစ်သည်။

ဤတွင် သတင်းဟူသော ဝေါဟာရ၊ သတင်းဟူသော စာလုံးပေါင်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အကြောင်းတစ်ရပ် ရှိနေပြန်ပါသည်။ ဆွေးနွေးရန် အကြောင်းမှာ  သတင်းသည် သနှင့် တင်းတွဲစပ် ထားခြင်းလော၊  သိ နှင့် တင်း တွဲစပ်ထားခြင်းလောဟူသည့်အချက်ဖြစ်ပေသည်။ ဆိုလိုသည်မှာ သတွင် လုံးကြီးတင်မပါသော သက်သက်ဖြစ်သော သ နှင့် စာလုံးပေါင်းသည့် သတင်းက မူလစာလုံးပေါင်း မူလအရေးလော၊ သတွင် လုံးကြီးတင်ပါသည့် သိတင်းဟူသော စာလုံးပေါင်းက မူလစာလုံးပေါင်း မူလအရေးလောဟူသည့် အချက်ဖြစ်သည်။ သိတင်း ဟူသော စာလုံးပေါင်းဖြစ်ပေါ်လာခြင်း သိတင်းဟူသော စာလုံးပေါင်းအကြောင်း ဆွေးနွေးရန်   အကြောင်းဖြစ်လာရသည်မှာ ဤသို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြန်မာဘာသာဖြင့်ထုတ်ဝေသော အစောဆုံးမြန်မာသတင်းစာဖြစ်သည်ဟု ယူဆထားရသည့် သတင်းစာ ကို သိတင်းစာဟု စာလုံးပေါင်း ရေးသားခဲ့သည်ကို တွေ့ရသည်။ ယင်း သတင်းစာ ကို သိတင်းစာ ဟု စာလုံးပေါင်းထားသည်။ သတင်းစာအမည်မှာ ဓမ္မသိတင်းစာဖြစ်သည်။ ဓမ္မသိတင်းစာကို ၁၈၄၃ ခုနှစ်တွင် မော်လမြိုင်မြို့၌ ခရစ်ယာန်နှစ်ခြင်း သာသနာပြုအသင်းက ထုတ်ဝေခဲ့သည်။ သတင်းစာသက်တမ်း ၁၀ နှစ်ကြာခဲ့သည်။ ၁၈၅၃ ခုနှစ်တွင် သတင်းစာထုတ်ဝေမှုရပ်စဲခဲ့သည်။ ဤအချက်သည် အရေးကြီးသည်၊ မှတ်သားဖွယ်ဖြစ်သည်။ ဤအချက်ကိုထောက်လျှင် သတင်း၏မူလအရေးသည် သိတင်း များဖြစ်လေသလောဟု  တွေးတောဖွယ်ဖြစ်သည်။

အချို့ကသတင်းဟူသော ဝေါဟာရသည် သိတင်းမှ ရွေ့လျောလာသော ဝေါဟာရဖြစ်သည်ဟုပင် ဆိုချင်လာကြသည်။ စင်စစ်အားဖြင့် သိတင်းဟူသော စာလုံးပေါင်းသည် မူလစာလုံးပေါင်းမဟုတ်ပါ။ သတင်းဟူသော စာလုံးပေါင်းသည်သာ မူလစာလုံးပေါင်း၊ မူလအရေးအသားဖြစ်ပါသည်။ ရှင်းပါမည်။

(ဆက်လက်ဖော်ပြပါမည်)