စပါးအသင်းသည် နိုဝင်ဘာ ၅ ရက်ညက ဘူလ်ဂေးရီးယားကလပ် လူဒိုဂိုရတ်ကို ယူရိုပါလိဂ် အုပ်စုပွဲတွင် ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ ထိုပွဲ၌ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်း ယူခဲ့သည့် တိုက်စစ်မှူး ဟယ်ရီကိန်းသည် အသင်းအတွက် ပွဲ ၃ဝဝ မြောက်ကစားပေးခဲ့သော ပွဲတွင် ဂိုး ၂ဝဝ ပြည့်သွင်းနိုင်သည့် စံချိန်ကောင်းနှစ်ရပ် တင်ရှိနိုင်ခဲ့သည်။ ဟယ်ရီ ကိန်း၏ စပါးအတွက် သွင်းဂိုး ၂ဝဝ တွင် ဂိုးတစ်ဝက်ကျော်ကို အဝေးကွင်းပွဲများ၌ သွင်းယူခဲ့ခြင်းဖြစ်ကာ ၃၆ ဂိုးကို ဥရောပပွဲများ၌ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သော ဟယ်ရီကိန်းသည် စပါး အသင်းသမိုင်းတွင် ဂိုး ၂ဝဝ ပြည့်သွင်းနိုင်သည့် တတိယမြောက် ကစားသမား ဖြစ်လာပြီး အသင်းအတွက် ဂိုးအများဆုံးသွင်း ထားသူများသမိုင်းတွင် ဘော်ဘီစမစ်ကို လိုက်မီရန် ရှစ်ဂိုး၊ ဂန္ထဝင်တိုက်စစ်မှူးကြီး ဂျင်မီဂရိဗ်ကို လိုက်မီရန် ၆၆ ဂိုးသာ လိုတော့သည်။ ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်တွင်လည်း ဂိုး ၁၅ဝ ပြည့်သွင်းနိုင်ရန် တစ်ဂိုးသာ လိုမည်ဖြစ်သည်။