စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံ၌ လှည့်ကင်း ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး၊ လက်နက်ငယ် တို့ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၁
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံ၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာလ ၁၅ ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ တိုက်(၇၀) အခန်း(၄၁)သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ခဲ့ရာ ကျော်စိုးလင်း(ခ) မိုက်ကယ်၊ ဇော်လင်းထွန်း၊ စည်သူဖြိုး(ခ)ဇင်ကို တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ Super Luck လက်ဘက်ရည်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ သဲမောင်မောင်နှင့် အောင်ပြည့် တို့အား MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၅ လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၅၆)၊ (၆)လွှာသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဝေယံ (ခ) ဝေယံပိုင်၊ ကျော်ကျော်ခန့်နှင့် ရဲရင့်ကို(ခ)ရဲရဲ တို့ (၃)ဦးအား လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ (၃)လွှာ၌ လမင်းထွန်း(ခ)အမွန်း အား ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၆၈ တောင့်၊ MG1 လက်ပစ်ဗုံး ၁ လုံး၊ ဖုန်းမျိုးစုံ ၃ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ လမင်းထွန်း ၏ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ်၊ City Mart အနီးတွင် ဆက်စပ်တရားခံ ဘိုဘို (ခ)Y2B အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်ရာ စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းခုံးကျော်အနီးရှိ တိုက်အမှတ်(၂၅၄)၊ အခန်း(၇/က)အား ရှာဖွေခဲ့ရာ AK-47 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၆၀ တောင့်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး၊ ဒီတိုနေတာ ၂ ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ကမာရွတ်မြို့နယ်၊ ခိုင်ရွှေဝါလမ်းထိပ်၌ စည်သူ (ခ) ဒန်းနစ် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ လမင်းထွန်း ၏ ထွက်ဆိုအချက်အရ ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာ၊ တိုက်အမှတ်၂၂၊ အခန်း(၃၅) အား ဝင်ရောက်ရှာဖွေ ခဲ့ရာ အောင်သီဟဟိန်း၊ ချယ်ရီဘိုကြည်နိုင်၊ အာကာကျော်ထူး၊ ဝေယံထွန်းဦးတို့(၄)ဦးအား SIG SAUER ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ Luger ကျည် ၁၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် တရားခံ ဝေယံထွန်းဦး ၏ ထွက်ဆိုချက်အရ ကမာရွတ် မြို့နယ်၊ (၃)ရပ်ကွက်၊ အမှတ်(၂)ဘောဂလမ်း၊ တိုက်အမှတ်(၂)၊ (၆)လွှာရှိ အာကာကျော်ထူး ၏ နေအိမ်အား ရှာဖွေခဲ့ရာ MK 12 သေနတ် ၁ လက်၊ ၁၂ ဗို့ ကျည် ၅ တောင့် ၊ ၉ မမ ကျည် ၅ တောင့်၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ်အသေး ၁ ခုနှင့် အကြီး ၁ ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ လမင်းထွန်း၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၆ ရက်တွင် ကမာရွတ် မြို့နယ်၊ (၃)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ်(၁၁၇) အား ရှာဖွေခဲ့ရာ ပထမထပ်၌ မျိုးဝဏ္ဏမင်း၊ အေးမြတ်သွယ်နှင့် ရဲမြင့်အောင် တို့ ၃ ဦးအား FGC9 MK2 သေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်၊ ဒရုန်း ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှု အနေဖြင့် ကျား ၁၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၈ ဦး ဖမ်းဆီး ရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ အနေဖြင့် လက်နက်ငယ်မျိုးစုံ ၅ လက်၊ ကျည်မျိုးစုံ ၁၆၆ တောင့် ၊ လက်ပစ်ဗုံးမျိုးစုံ ၄ လုံး၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ လက်လုပ်ဗုံး ၃၀ လုံး၊ ဒရုန်း ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများအနက် လမင်းထွန်း၊ ရဲရင့်ကို၊ ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်း၊ ကျော်စိုးလင်း၊ ကျော်စွာသိန်း၊ ရဲသူ၊ ငြိမ်းချမ်းနှင့် ကိုဇင် တို့ ၁၀ ဦးသည် KNLA တပ်မဟာ(၆)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
တရားခံများအနက်မှ ဇော်လင်းထွန်း၊ ဝေယံပိုင်၊ ရဲရင့်ကို၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ကျော်ကျော်ခန့် တို့သည် Generation Freedom Army (GFA)အား ဖွဲ့စည်း၍ မေလ ၉ ရက် တွင် စည်သူဖြိုးနှင့် ကျော်စိုးလင်းသည် စမ်းချောင်း မြို့နယ်၊ ဗဟိုလမ်း၊ ရထားသံလမ်းအနီးရှိ ရစဖရုံးအား လည်းကောင်း၊ မေလ ၁၅ ရက်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်း (တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ ရစဖရုံးအား လည်းကောင်း၊ ဇူလိုင်လ ၉ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ပညာရေးမှူးရုံး အား လည်းကောင်း၊ ဩဂုတ်လတွင် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ကောင်းသာ ဘီယာ ဆိုင်ရှေ့တွင် ထီရောင်းသည့် ဟိုက်ဂျက်ကားအား လည်းကောင်း၊ စက်တင်ဘာလ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ စည်ပင်ရဲလိုင်းခန်း အား လည်းကောင်း၊ စက်တင်ဘာလ ၆ ရက်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ Sprit စတိုးဆိုင်အနီး CCTV Control ပုံးအားလည်းကောင်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
အလားတူ ဆက်စပ်တရားခံများမှ ဝေယံထွန်းဦး သည် ဇွန်လ ၈ ရက်တွင် NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော် (ဖမ်းဆီး ရန်ကျန်)နှင့် အိငုံဖူး(ခ)Holly (ဖမ်းဆီးရန်ကျန်)တို့၏ စေခိုင်းမှုအရ ကမာရွတ်မြို့နယ်၊ မာလာမှတ်တိုင်အနီး၌ လည်းကောင်း၊ ဇူလိုင်လ ၁ ရက်တွင် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းရဲ အဆောက်အဦအား လည်းကောင်း၊ ဘိုဘို၊ လမင်းထွန်းနှင့် ကိုဖြိုး(ဖမ်းဆီးရန်ကျန်)တို့သည် ဩဂုတ်လ ၂၇ ရက်တွင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင် လမ်း၊ Delta Plaza ရှေ့ ဗာဒံပင်မှတ်တိုင်အနီး၌ လည်းကောင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဟယ်လ်ပင်မှတ်တိုင်အနီး၌ လည်းကောင်း၊ ဘိုဘို၊ လမင်းထွန်း၊ ကိုဖြိုး(ဖမ်းဆီးရန် ကျန်)၊ ဇင်ယော်(ဖမ်းဆီးရန် ကျန်)တို့သည် ဩဂုတ်လ ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက်၊ မြသိန်းတန်ဘုန်းကြီး ကျောင်းရှိ Mytel တာဝါတိုင်အား လည်းကောင်း မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယ ၁၀ လမ်းရှိ Mytel တာဝါတိုင်တို့အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှု အနေဖြင့် ဩဂုတ်လ ၄ ရက်တွင် GFA အဖွဲ့မှ စမ်းချောင်း မြို့နယ်၊ မုန့်လက်ဆောင်း (တောင်)ရပ်ကွက်၊ ရစဖရုံးအား မီးရှို့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
၎င်းအပြင် အကြမ်းဖက်သတ်ဖြတ်မှု အနေဖြင့် ဩဂုတ်လ ၁၃ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ယာဉ်ထိန်းရဲ ၁ ဦးအား GFA အဖွဲ့မှ ဝေယံပိုင်၊ ဇော်လင်းထွန်း၊ ကျော်ကျော်ခန့်၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ရဲရင့်ကို တို့မှ ကင်းထောက်၍ အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)မှ ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂ ရက်တွင် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူ ဦးဂျူလိုင်မျိုးမင်း အား ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်း တို့မှ ကင်းထောက်၍ ကျော်စိုးလင်းမှ ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်၌ လှည့်ကင်းဆောင်ရွက်ခဲ့သည့် လုံခြုံရေး ယာဉ် ၁ စီးအား အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)၊ ကျော်စိုးလင်းတို့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲရင့်ကို မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဇော်လင်းထွန်း၊ သဲမောင်မောင်၊ စည်သူဖြိုး၊ အောင်ပြည့်တို့မှ ကင်းထောက်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ အနေဖြင့် ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ မီးရှို့ဖျက်ဆီးမှု (၁)ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု(၃)ကြိမ်တို့ ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။