စာချုပ်သက်တမ်းကုန်မည့် ပြည်တွင်းကစားသမားများကို ရှမ်းယူနိုက်တက်အသင်း ယခုလအတွင်း သက်တမ်းတိုးရန်စီစဉ်

စာချုပ်သက်တမ်းကုန်မည့် ပြည်တွင်းကစားသမားများကို ရှမ်းယူနိုက်တက်အသင်း ယခုလအတွင်း သက်တမ်းတိုးရန်စီစဉ်

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ    ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံး ရာသီကုန်တွင် စာချုပ် သက်တမ်းကုန်မည့် ပြည်တွင်းကစားသမားများကို ယခုလအတွင်း သက်တမ်းတိုးရန်   စီစဉ်ထားကြောင်း အသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် အသင်း၏   အဓိက ကစားသမားများဖြစ်သည့် မျိုးမင်းလတ်၊ နန္ဒကျော်၊ ဇင်မင်းထွန်း၊ ဒွေး ကိုကိုချစ်တို့အပါအဝင် ပြည်တွင်းကစား သမား ၁၁ ဦးနှင့် စာချုပ်သက်တမ်းကုန်ဆုံး ခဲ့သည်။ ယင်းကစားသမား ၁၁ ဦးအနက် အများစုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းနေပြီး ယခုလအတွင်း စာချုပ်ချုပ် ဆိုရန် စီစဉ်ထားသည်။

“၂၀၂၀ ဘောလုံးရာသီကုန်မှာ စာချုပ် သက်တမ်းကုန်တဲ့ ပြည်တွင်းကစားသမား တွေများပါတယ်။ သူတို့က   အသင်းအတွက်   အကောင်းဆုံးပေးဆပ်ခဲ့တဲ့သူ တွေပါ။ ဒါကြောင့် စာချုပ်သက်တမ်းကုန် တဲ့ ကစားသမားအများစုကို သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။ ဝင်းမင်းထွဋ်ကတော့ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ သိထားပါတယ်။ ကျန်ကစားသမားတွေ သက်တမ်းတိုးဖို့ကို  ညှိနှိုင်းမှုတွေ  လုပ်ဆောင်နေပါတယ်” ဟု ၎င်းင်းကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဘောလုံးရာသီတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများအပြင် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲမအောင်မြင်ပါက  AFC Cup ပြိုင်ပွဲ   အုပ်စုအဆင့်သို့  ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းယှဉ်ပြိုင်မည့်  ၂၀၂၁    အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကို မတ်လနှင့် ဧပြီလအတွင်းကျင်းပရန် လျာထားကြောင်း အာရှဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

ကိုရဲ