စွမ်းဆောင်ရည်မြင့်မားလာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့

စွမ်းဆောင်ရည်မြင့်မားလာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟုဆိုလိုက်သည်နှင့် ကူညီပါရစေ ဟူသောဆောင်ပုဒ်ကို ပြေးမြင်မိကြပါမည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရား ဥပဒေစိုးမိုးရေးအတွက် ပြည်သူကို အမြဲတမ်းကူညီနေသော အဖွဲ့အစည်းဖြစ်သည်။ ပြည်သူများအေးချမ်းသာယာစွာ သွားလာ လှုပ်ရှားနိုင်ရေး၊ အကြမ်းဖက်အဖျက်သမားတို့၏ ရန်ဘေးမှကင်းဝေးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပါသည်။ အကြမ်းဖက် အဖျက်သမားဆိုလိုက်သည်နှင့် လက်ရှိအခြေအနေတွင် NLD ပါတီဝင်များနှင့် ယင်းပါတီမှ ပေါ်ပေါက်လာသော NUG၊ CRPH၊ PDF တို့၏ ပြည်ဖျက်လုပ်ရပ်များ၊ အုံလိုက်ကျင်းလိုက် ဖမ်းဆီးရမိမှုများ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်ငွေကြေးများ ဖမ်းဆီးရမိသတင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မြင့်မားလာသော စွမ်းဆောင် ရည်ကို မီးမောင်း ထိုးပြနေခြင်းဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သော စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်၊ စည်းကမ်းစနစ်တကျရှိရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း ခံယူတည်ဆောက်နေရမည်ဖြစ်ပေသည်။ ရဲတပ်ဖွဲ့ဝင်တိုင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာစောင့်ထိန်းခြင်း၊ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံအောင် အကာအကွယ်ပေး စောင့်ရှောက်ကြခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူအကျိုးကို ပိုမိုသယ်ပိုး ဆောင်ရွက်အောင်မြင် လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာရလျှင် လွတ်လပ်ရေးရပြီးစ ပါတီစုံဒီမိုကရေစီခေတ်ကာလတွင် ရဲတပ်ဖွဲ့ကို အသွင်အမျိုးမျိုးနှင့်ဖွဲ့စည်းခဲ့ကြသည်။ အချို့က ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်သဖွယ်အသုံးပြုသည်။ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ရဲလုပ်ငန်းသက်သက်သာ ဆောင်ရွက်ရန်ရည်ရွယ်ကာ “ပြည်သူ့ရဲတပ်ဖွဲ့” ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်း ခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ၁ ရက်တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟူသောအမည်ကို စတင်ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုးစီးပွား ကို ပိုမိုဆောင်ကြဉ်းနိုင်စေရန် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး အစီအမံသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။

ယနေ့မျက်မှောက်ခေတ်သည် နည်းပညာတိုးတက်မှုနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ အချိန်နှင့်အမျှ ပြောင်းလဲ တိုးတက်လျက်ရှိသည်။ ပြောင်းလဲမှုများနှင့်အတူ မှုခင်းပုံစံသစ်များကိုတွေ့ရှိရသလို အကြမ်းဖက်မှုကြောင့် မတည်ငြိမ် မှုများ ဖြစ်ပေါ် လာရသည်ကိုတွေ့မြင်နေရသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပြဿနာများ နှင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကလည်း အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွင်း၌ ဖြေရှင်း၍ ရနိုင်သည့်ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရမည့် မှုခင်းပြဿနာမျိုးဖြစ်သည်။

အကြမ်းဖက်မှု အန္တရာယ်သည်လည်း နိုင်ငံဖြတ်ကျော်မှုခင်းပုံစံအားလုံးနှင့် ချိတ်ဆက်မှုရှိနေသည့်အတွက် သာမန်မှုခင်း ပြဿနာ တစ်ရပ်ဟု ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ဖြေရှင်း၍ မရနိုင်တော့ပေ။ မူးယစ်ဆေးဝါး ပြဿနာသည်လည်း ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံအတွင်းအကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးမှ ရရှိလာသော ငွေကြေးများကြောင့်လည်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများဆက်စပ်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မိမိအင်အားနှင့် ဖြေရှင်းရန်ခက်ခဲသော ကိစ္စရပ်များတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့်လည်း အကြမ်းဖက်အဖျက်သမားများကို အချိန်တိုအတွင်း ဖမ်းဆီးရမိလျက်ရှိသည်။

စွမ်းစွမ်းတမံဆောင်ရွက်သူများကို နိုင်ငံတော်အစိုးရက ချီးကျူးစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများပေးအပ်လျက်ရှိသည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် အာဏာလက်လွှတ်ဆုံးရှုံးသွားခဲ့သော NLD ပါတီဝင်များသည် NUG၊ CRPH၊ PDF စသည်ဖြင့် အမည်မျိုးစုံတပ်ကာ ပြည်ပတွင်ဒေါ်လာစားရသူများက မြှောက်ပင့်ပေးမှုကြောင့် ပြည်တွင်းတွင် အကြမ်းဖက်မှု မျိုးစုံကျူးလွန် လျက်ရှိသည်။ NLD ပါတီဝင်များနှင့် အစွန်းရောက်ထောက်ခံသူများသည် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ ဗုံးခွဲခြင်းနှင့်နောက်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ် လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူပူးပေါင်းဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများမှာ ရေတွက် မကုန်နိုင်အောင် များပြားလှသည်။ ရာဇဝတ်ဘေးပြေးမလွတ်ဆိုစကားနှင့်အညီ နိုင်ငံအတွင်း ဆိုးသွမ်းယုတ်ညံ့စွာ အမှုအမျိုးမျိုး ကျူးလွန်လျက်ရှိသော အကြမ်းဖက်အဖျက်သမားတို့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်မြင့်မားလာမှုကြောင့် ပြေးလမ်း မရှိတော့ပါ။ အနှစ်ချုပ်ဆိုရသော် ယနေ့ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၅၇)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။