ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း- မြန်မာနိုင်ငံအရေးကို အာဆီယံ နည်းလမ်းဖြင့် ဖြေရှင်းနိုင်ဟု တပ်မတော် ပြောရေးဆိုခွင့် ရှိသူပြော

ယမန်နေ့မှအဆက်

Mr. Che Hong Liang  ။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့်  သွေးထွက်သံယို ဖြစ်မှုများက မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် အခြေအနေ တည်ငြိမ်အေးချမ်းစေရန်နှင့် ပြည်သူလူထုနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ယုံကြည်မှု ပြန်လည်ရရှိစေရန် အတွက် မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့သော ဆောင်ရွက်မှုများ ရှိကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။     ယခုမေးမြန်းသည့် မေးခွန်းတွင်    အပိုင်း(၂)ပိုင်းပါရှိပြီး   ဒုတိယအပိုင်းဖြစ်သည့် ပြည်သူလူထုနှင့်   ပြည်ပရင်းနှီး မြှုပ်နှံမှု ယုံကြည်မှု ပြန်လည်ရရှိရေး အပိုင်းကို မိမိအနေဖြင့် ဦးစွာဖြေကြားလိုကြောင်း၊ ယခုလက်ရှိ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ပြောကြားခဲ့သည့်  မိန့်ခွန်းထဲက အတိုင်း ကိုးကားပြီး ပြောလိုကြောင်း၊ ၂ဝ၁၃ ခုနှစ်က တရုတ်ဗဟိုပါတီသင်တန်းကျောင်း နှစ်(၈ဝ)ပြည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းအတွင်းက ကောက်နုတ်ချက် တစ်ခုကို ကိုးကားလိုကြောင်း၊ မစ္စတာရှီကျင့်ဖျင်က ''အနှစ်မပါတဲ့ ပြောစကားတွေက တိုင်းပြည် ကို  ထိခိုက်နစ်နာစေပါတယ်၊ အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား လုပ်လို့က တိုင်းပြည်ကို စည်ပင်ဝဖြိုးစေပါတယ်'' ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်သမ္မတကြီးက ဆက်လက် ပြောကြားရာတွင် တရုတ်သမိုင်းက နာမည်တစ်ခုကို ကိုးကားလိုကြောင်း၊ ''ကျောင်ခူဝေါ''ဆိုသည့် သမိုင်းဆိုင်ရာ သင်ခန်းစာများကို  စွဲမြဲသင့်ကြောင်း၊ ''ကျောင်ခူဝေါ''  စကားနှင့်ပတ်သက်ပြီး  နှစ်မျိုးရှိပြီး ''ကျောင်ခူဝေါ''နှင့် ''ကျောင်ခူအို''ဟုရှိကြောင်း၊  ဘီစီ ၂၆ဝ တွင်  ကျောင်နိုင်ငံရဲ့  စစ်ဘက်အရာရှိ တစ်ယောက်ဖြစ်ပြီး လက်တွေ့တိုက်ပွဲ အတွေ့အကြုံ လုံးဝမရှိ ကြောင်း၊ ၎င်းပုဂ္ဂိုလ်အား ''ထိုင်ရာမထ၊ သေနင်္ဂဗျူဟာရှင်''ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါပုဂ္ဂိုလ်သည် လက်တွေ့တိုက်ပွဲမရှိဘဲ စာရွက်ပေါ်တွင်ပဲ တိုက်ပွဲတိုက်တတ်ပြီး လက်တွေ့ကြုံရသည့်အခါ  ၎င်း၏စစ်သည် လေးသိန်းလောက် အဖမ်းခံရပြီး အသတ်ခံရခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတကြီး သတိပေးသွားသည့် အရာက ထိုအကြောင်းအရာဖြစ်ကြောင်း၊  အနှစ်မပါသည့်ပြောစကားက တိုင်းပြည်တည်ဆောက်လို့ မရကြောင်းနှင့် ကြိုးကြိုးစားစား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ''ထိုင်ရာမထ၊ သေနင်္ဂဗျူဟာရှင်''ဆိုသည့် ထိုင်ရာမထသည့် ပညာရှင်များကို မလိုချင်ကြောင်းနှင့် လက်တွေ့အလုပ် လုပ်မည့် လူငယ်များကို လိုသည်ဟု အဓိပ္ပာယ် ဖြစ်ကြောင်း၊   မိမိပြောကြားလိုသည်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဦးဆောင်နေရသူများသည် နိုင်ငံဖွံ့ဖြိုးရေး၊ လုံခြုံရေးကို မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လက်တွေ့ကော၊ စာတွေ့ကော အတွေ့အကြုံရှိပြီးသူ ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မိမိနိုင်ငံအနေဖြင့် တပ်မတော် အစိုးရ လက်ထက်တွင် အနောက်နိုင်ငံကြီးများနှင့် အပေါင်းအပါနိုင်ငံများက ပိတ်ဆို့မှု မျိုးစုံလုပ်ဆောင်ခဲ့ကြောင်း၊ အခုလိုပိတ်ဆို့ မှုများကြားက  ဖွံ့ဖြိုးရေး တိုးတက်ရေး၊ ပေါင်းသင်း ဆက်ဆံရေးအတွက်ပါ  ထိထိရောက်ရောက် ကူညီပေးသည့် နိုင်ငံသည် တရုတ်နိုင်ငံပဲဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံပေါင်းစုံက ပိတ်ဆို့နေသည့် ကြားက တပ်မတော်အစိုးရ အနေဖြင့် ရန်ကုန်-မန္တလေးအထိ အမြန်လမ်းမကြီးကို ဖောက်လုပ်ခဲ့ကြောင်း၊   မည်သည့်ဒီမိုကရေစီ အစိုးရလက်ထက်မှာမှ ဖောက်ခဲ့တာ မဟုတ်ကြောင်း၊ နေပြည်တော်ဆိုသည်မှာ တပ်မတော်အစိုးရ လက်ထက်တွင်  တည်ဆောက်ခဲ့ကြောင်း၊  လွှတ်တော် အဆောက်အအုံများ အပါအဝင် ပါတီစုံဒီမိုကရေစီ စနစ်အတွက် အခြေခံ အဆောက်အဦများကို တပ်မတော် အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ကြောင်း၊ ပြည်သူများ လိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ်၏ အခြေခံအဆောက်အဦများ၊ ယခုလုပ်နေသည့် လွှတ်တော်၊ သမ္မတအိမ်တော် စသည်များကို တပ်မတော်အစိုးရ လက်ထက်တွင်  တည်ဆောက်ခဲ့ကြောင်း၊ ယခုနိုင်ငံတော်ကို   စီမံအုပ်ချုပ်နေသည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များက အဆိုပါခေတ်များတွင် လက်တွေ့လုပ်ငန်းများ၌ ပါဝင်ခဲ့ကြသည့်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့်  ''ကျောင်ခူဝေါ''လို ''ထိုင်ရာမထ၊    သေနင်္ဂဗျူဟာရှင်''တစ်ယောက်မှ မပါဝင်ကြောင်း၊  လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်မည်ကို အပတ်စဉ်ကောင်စီ အစည်းအဝေး၊ အစိုးရအဖွဲ့ ညှိနှိုင်း အစည်းအဝေးများတွင် သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရလက်ထက်တွင်  အစိုးရက မည်ကဲ့သို့ဆောင်ရွက်မည်ကို ပြည်သူများ မသိရကြောင်း၊   မိမိတို့အစိုးရအနေဖြင့်    မည်ကဲ့သို့ဆောင်ရွက်မည်၊ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို  ပြည်သူသိအောင် အပတ်စဉ်၊ နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ လက်တွေ့အပိုင်းတွင်    နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  မြန်မာနိုင်ငံအနှံ့ကို သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ခြေဖြင့် ထိတွေ့လျက်ရှိကြောင်း၊ ဥပမာအနေဖြင့် မိမိပြောရရင် လှိုင်သာယာမြို့နဲ့ ရွှေပြည်သာမြို့မှာ တရုတ်လူမျိုးပိုင်သည့် စက်ရုံတချို့ မီးရှို့ခံရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်    ၎င်းစက်ရုံတွေအထိ ရောက်အောင်သွားခဲ့ပြီး ပိုင်ရှင်များ၊ အလုပ်သမားများနှင့် တွေ့ခဲ့ရကြောင်း၊  သူတို့ပြောပြသည့် အခက်အခဲများကို မိမိတို့နားထောင်ပြီး၊ လက်ငင်းဖြေရှင်းပေးခဲ့ကြောင်း၊ အဲဒီခေါ်သွားသည့် အထဲမှာ သူ့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ ပါဝင်ပါကြောင်း၊ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး အခက်အခဲများကို ဖြေရှင်းပေးခဲ့ပါကြောင်း၊ အလုပ်သမားများနှင့် တွေ့ဆုံပြီး အခက်အခဲများကို ဖြေရှင်းပေးခဲ့ပါကြောင်း၊ ထိုကိစ္စများက လက်တွေ့ဖြစ်ကြောင်း၊ မိမိတို့ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အတွက် မိမိတို့ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတာက ဒီနေရာမှာတော့ မိမိတို့အနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူလူထုကို မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေဆဲနိုင်ငံဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံ၏ အဓိက ထုတ်ကုန်သည် စိုက်ပျိုး/မွေးမြူရေး ထုတ်ကုန်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်မှုမှာ အများဆုံး ဖြစ်ပါကြောင်း၊ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လ နှစ်လတာအတွင်းမှာ တရုတ်နိုင်ငံနှင့်   နယ်စပ်ကုန်သွယ်ရေး စာရင်းအရ   မိမိတို့ ပို့ကုန်အမေရိကန် ဒေါ်လာ ၄၃၈ သန်းရှိပါကြောင်း၊   သွင်းကုန်အနေနှင့် အမေရိကန်ဒေါ်လာ   ၁၇၁ သန်း၊ စုစုပေါင်းပမာဏ  ၆ဝ၉  သန်းလောက် ရှိပါကြောင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံအနေနှင့် တရုတ်ပြည်သူလူထုနဲ့ ဆက်လက် ကူညီပေးပါလို့ မိမိမေတ္တာရပ်ခံ လိုပါကြောင်း၊ ခုနကပြောသည့် ဒုတိယပိုင်း အနေနဲ့   အကြမ်းဖက် သွေးထွက်သံယိုမှုများ ရှိနေဆဲဆိုသည့် အပိုင်းကို ရှိနေသည် ဆိုတာကို မိမိတို့ဝန်ခံပါကြောင်း၊ အဓိကကတော့ NLD ပါတီဝင်တချို့နဲ့  NLD ပါတီ အစွန်းရောက်သူများက မိမိတို့နိုင်ငံမှာ ဆန္ဒပြမှုများကို လက်တွေ့ကြည့်ရင် သိနိုင်ပါကြောင်း၊ ဆန္ဒပြမှုများကို တချို့မီဒီယာများက ဆန္ဒပြနေတယ်၊ ဘယ်နေရာမှာ ဆန္ဒပြနေတယ်ဆိုတာ  ဖွနေတာရှိပေမယ့်၊ တကယ့်လက်တွေ့မှာတော့ ဆန္ဒပြမှုတွေ လျော့နည်းလာကြောင်း၊   သို့သော် ဗုံးထောင်မှုများ၊ ဗုံးခွဲမှုများ၊ မိုင်းခွဲမှုများ၊ မီးကွင်းပစ်မှုများ စသည့် အကြမ်းဖက် လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ၎င်းတို့ကို ငြိမ်ဝပ်ပိပြားရန်၊ တရားဥပဒေစိုးမိုးရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ပြီး ပဋိပက္ခများ လျော့နည်းရေးကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း။

Mr. Che Hong Liang ။ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေ တစ်နှစ်ကြေညာခဲ့ပြီး အရေးပေါ်ကာလအပြီးတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး  အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားခဲ့သည်ကို သိရကြောင်း၊ အရေးပေါ်အခြေအနေ ကြေညာပြီး ဘက်ပေါင်းစုံမှ အစီအစဉ်များ ပြန်လည်ကောင်းမွန်လာစေရန် မည်သို့သော လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသလဲ၊ ထိရောက်မှု အခြေအနေ မည်သို့ရှိပါသလဲ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မှုမျိုးကို ဆောင်ရွက်ရန် ရှိပါသလဲ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအတိုင်း  ဆောင်ရွက်ပြီးနောက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး ပြည်သူက ရွေးချယ်သောသူကို နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဟု ကမ္ဘာသိ အာမခံပြီးဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားမည် မဟုတ်ကြောင်း၊   နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊  အနှစ်ချုပ်ပြောရမည် ဆိုပါက ပထမဦးဆုံး UEC ကို ဖွဲ့စည်းပြီး UEC  က မဲမသမာမှုများနှင့် ပတ်သက်ပြီး စစ်ဆေးလျက်ရှိကာ နေ့စဉ်လည်း ထုတ်ပြန်ပေးလျက် ရှိကြောင်း၊ နံပါတ်(၂)အချက်မှာ COVID-19 ကာကွယ်ရေးကို အရှိန်အဟုန်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ နံပါတ်(၃)အချက်မှာ COVID-19 ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးများကို အမြန်ဆုံး ကုစားနိုင်ရန် ဆောင်ရွက်နေကြောင်း၊ နံပါတ်(၄) အချက်မှာ ငြိမ်းချမ်းရေး အတွက် NCA ပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်(၅)အချက်မှာ အရေးပေါ် ကာလပြဋ္ဌာန်းချက် များနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ လုပ်ဆောင်ပေးမည်ဖြစ်ပြီး နိုင်ငံ့တာဝန်ကို  လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော ဆောင်ရွက်ချက်အနေဖြင့် COVID-19 ကာလတွင် ကျောင်းပိတ်ထားရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ထောင်နိုင်ရန် အတွက် ပညာတတ်များ၊ လူသားအရင်းအမြစ်များ နှစ်စဉ်မွေးထုတ်ပေးနေမှုသည်   နစ်နာလျက် ရှိကြောင်း၊ ထို့ကြောင့် ယခုဇွန်လဆန်းတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကောလိပ်များ၌ နောက်ဆုံးနှစ် သင်တန်းများ ဖြစ်သော ပါရဂူသင်တန်းများ၊ မဟာဘွဲ့သင်တန်းများ   စသည်တို့ကို   စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊  ဤသည်မှာ ပညာရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ကို   ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang ။   ထိုသို့ဆောင်ရွက်လျက်ရှိရာ  ထိရောက်မှု အခြေအနေ မည်မျှရှိပါသလဲ  မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ထိရောက်မှု အခြေအနေသည် မြင်တွေ့နေရသည့် အတိုင်းဖြစ်ကြောင်း၊ သတင်းထောက်များ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် မြင်နေ၊ တွေ့နေရမည်ဖြစ်ကြောင်း၊   ဖေဖော်ဝါရီ လဆန်းပိုင်း၊ မတ်လနှင့် ယခု အခြေအနေ များသည် မတူတော့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဓိကမှာ ဆန္ဒပြမှုများနှင့် ပတ်သက်လာပါက အကြမ်းဖက်မှုများ ရှိကောင်းရှိလာနိုင်ကြောင်း၊ သို့သော် ဆန္ဒပြမှုများနှင့်ပတ်သက်၍ လျော့နည်းသွားသည်ကို လက်တွေ့တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး တချို့ ပိတ်သိမ်းလိုက်ရသော စက်ရုံများရှိကြောင်း၊ ရပ်ဆိုင်းလိုက်ရသော လုပ်ငန်းများ ရှိကြောင်း၊ ထိုလုပ်ငန်းများနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းများသည် အောက်ခြေအဆင့် လှိုင်သာယာ၊ ရွှေပြည်သာကဲ့သို့ နေရာမျိုးတွင် စီးပွားရေး လုပ်ငန်းများ၊ စက်ရုံများ၊    အလုပ်ရုံများ  ပြန်လည်လည်ပတ်နေသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်သွယ်ရေး၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ယခင်က ရပ်တန့်နေမှုများ ရှိကြောင်း၊   ယခုတွင် ပြန်လည် လည်ပတ်လာနေသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ သို့သော် မိမိဝန်ခံချင်သည်မှာ  ၁ဝဝ  ရာခိုင်နှုန်း  အပြည့်အဝ မလည်ပတ် နိုင်သေးကြောင်း၊ ဆက်လက်၍ ကြိုးစားအားထုတ်လျက် ရှိကြောင်း၊ ဘဏ်များနှင့် ပတ်သက်ပြီး တချို့ပုဂ္ဂလိကဘဏ်များတွင် CDM  လုပ်ဆောင်နေသော ဝန်ထမ်းများရှိကြောင်း၊ ပုဂ္ဂလိကဘဏ်များတွင် ငွေရေး၊ ကြေးရေး အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်နေသည့် လုပ်ငန်းများ ရှိကြောင်း၊ မနေ့က ဗဟိုဘဏ်မှ အမိန့်ကြေညာစာ ထုတ်ပြန်ကြောင်း၊  အဓိက အနှစ်ချုပ်မှာ ဘဏ်များတွင် ဘဏ်စာရင်း အသစ်ဖွင့်ပြီးပါက ထိုဘဏ်များ၌ ငွေကို စာရင်းအသစ်တွင် မိမိအပ်ထားသလောက် အကန့်အသတ်မရှိ    ထုတ်နိုင်သည်ကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ဆောင်ခဲ့ရသည့် အကြောင်းမှာ ငွေပေး၊ ငွေချေစနစ်များတွင် ကြန့်ကြာနေသည့် အတွက် ငွေပေး၊ ငွေချေ စနစ်များတွင် မြန်အောင်၊ စီးပွားရေး လုပ်ငန်းများ တိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း   ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang  ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အခြေအနေသည် ဆိုးရွားနေဆဲ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကပ်ရောဂါ ထိန်းချုပ်ရေး အခြေအနေမှာ မည်သို့ရှိပါသလဲ၊ နောင်အခါတွင် ရောဂါထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံရေး အတွက်မည်သို့စီစဉ် ဆောင်ရွက်မှုများ ရှိပါသလဲ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ မြန်မာနိုင်ငံ၌ COVID-19 ဒုတိယလှိုင်း အပြီးတွင် ထပ်မံ၍ ဆိုးဆိုးရွားရွား မဖြစ်သေးကြောင်း၊ သို့သော် တချို့နိုင်ငံများတွင် တတိယလှိုင်း,မှာ   ပြင်းပြင်းထန်ထန်ဖြစ်နေသည်ကို သိရသည့်အတွက် မိမိတို့လည်း တော်တော်လေး ဂရုစိုက်ရမည့် အခြေအနေမျိုးဖြစ်ကြောင်း၊   ယနေ့ထိ    COVID-19 ကာကွယ်ဆေး ၃ ဒသမ ၅ သန်း ရရှိပြီးဖြစ်ကြောင်း၊ ရောက်ရှိရန် ကျန်ရှိသည့် ၂၈ သန်းကို သတ်မှတ်ကာလအတွင်း အသုတ်လိုက် ရရှိနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊  ဦးစားပေး အစီအစဉ်အနေဖြင့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ  ၂၁ ရက်နေ့အထိ ပထမအကြိမ်  ထိုးနှံခြင်း ၁ ဒသမ ၅၄ သန်း၊ ဒုတိယအကြိမ် ထိုးနှံခြင်း သုည ဒသမ ၃၄ သန်း စုစုပေါင်း ၁ ဒသမ ၈၈ သန်းမှာ ပထမအသုတ်တွင် ထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ၁ ဒသမ ၆၂ သန်းကိုလည်း ထိုးနှံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း၊ ထူးခြားချက်မှာ ယခင်က အိန္ဒိယနိုင်ငံက ထုတ်သည့် COVID ကာကွယ်ဆေးကို ဝယ်ယူဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က တာဝန်ယူပြီး နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် COVID-19 ကာကွယ်ဆေးကို တရုတ်နိုင်ငံက ထုတ်သည့် Sinopharm ကို ခွင့်ပြုခဲ့ကြောင်း၊ ရုရှားနိုင်ငံက ထုတ်သည့် Sputnik-V  ကို ခွင့်ပြုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက ထုတ်သည့် Covaxin တို့ကို ခွင့်ပြုခဲ့ကြောင်း၊ ထိုဆေးများကို အားလုံးထိုးနှံနိုင်ရန်အတွက် ၈ဝ သန်းခန့် လိုအပ်နေသေးကြောင်း၊ ထိုဆေးများကို စာချုပ်ချုပ်ဆို၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံတွင်  စတင်ဖြစ်ပွားစဉ်ကတည်းကအစောဆုံး ကူညီခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တတ်နိုင်သရွေ့ တပ်မတော်အနေဖြင့်   တရုတ်နိုင်ငံ၌ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန် တပ်မတော်မှ လေယာဉ်တစ်စင်းစေလွှတ်ပြီး တတ်နိုင်သည့်အကူအညီကို သွားရောက် ဆောင်ရွက်ခဲ့ကြောင်း၊    တရုတ်နိုင်ငံနှင့် အပြန်အလှန် မြန်မာနိုင်ငံ၌ COVID-19နှင့် ပတ်သက်သော ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးများ၊ ကိရိယာများကို လှူဒါန်းသည့်အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ပြီး အတွေ့အကြုံများကို မျှဝေပေးခဲ့ကြောင်း၊ ထိုအတွေ့အကြုံများသည် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ၅ သိန်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ဆက်လက်ကူညီပေးရန်လည်း  ပြောလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ COVID-19 နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် အတွေ့အကြုံ၊ ထိန်းချုပ်ကုသရေးတွင် ကမ္ဘာသိ အတွေ့အကြုံရှိကြောင်း၊ ကမ္ဘာသိ ထိန်းချုပ်ကုသနိုင်သည့်အတွက် COVID-19 ကုသရေးနှင့်ပတ်သက်ပြီး    အတွေ့အကြုံ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ လာရောက်၍ အတွေ့အကြုံများ မျှဝေပေးနိုင်ပါက မိမိတို့အတွက်  ပိုမို၍အကျိုးရှိမည်ကို ပြောလိုကြောင်း ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang  ။  ယခုလို အချိန်ပေး၍ ဖြေကြားပေးသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ထပ်မံပြောလိုသည်မှာ CDM  လုပ်နေသည့်ကာလ၊ မြန်မာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဟူ၍ CDM  ဟုအမည်တပ်၍ အလုပ်မဆင်းမှုများ ရှိကြောင်း၊ အလုပ်မဆင်းမှုများထဲမှ ကျန်းမာရေး ကဏ္ဍက အဆိုးဆုံးဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် တပ်မတော်အနေဖြင့် တပ်မတော် ဆေးပညာရှင်များ၊ တပ်မတော်ဆေးရုံများမှ ပြည်သူလူထုကို ကုသပေးနေမှုများ ရှိကြောင်း၊   နေပြည်တော်နှင့် အနီးတစ်ဝိုက် တစ်နိုင်ငံလုံးတွင် ကုသပေးနေမှုများ ရှိကြောင်း၊ ထို့ပြင် ဖွင့်လှစ်နိုင်သော ဆေးရုံ၊ ဆေးခန်းများကို တပ်မတော်သား ဆရာဝန်များဖြင့် သွားရောက်ကုသပေးနေမှုများ ရှိကြောင်း၊   မဖွင့်နိုင်သည့် ဆေးခန်း၊ ဆေးရုံများကို တပ်မတော်သား ဆရာဝန်များဖြင့် သွားရောက်ကုသလျက် ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ထိ အရပ်သားပြည်သူလူထု၊  ပြင်ပလူနာ ၁၆ဝဝဝဝ ကျော်ကုသပေးခဲ့ပါကြောင်း၊ အတွင်းလူနာ ၃ဝဝဝဝ ကျော်ရှိပါကြောင်း၊ အကြီးစား ခွဲစိတ်ကုသလူနာ ၇၈၁၁ ဦး၊ အသေးစား ခွဲစိတ်ကုသ လူနာ ၃၉၉၉ ဦးရှိပါကြောင်း၊ ကလေးမွေးဖွားရန်အတွက်   ခွဲစိတ်ကုသလူနာ ၄ဝ၇၁ ဦးရှိပါကြောင်း၊ သာမန်အရပ်သား  ပြည်သူလူထု၏   ကလေးငယ်ပေါင်း ၁ဝ၃၅၄ ဦး မွေးဖွားပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ပြည်သူလူထုနှင့် လက်တွေ့ဆောင်ရွက်နေသည်များကို တပ်မတော်ဆေးရုံကြီးများတွင် ကြည့်နိုင်ပါကြောင်း၊ မိမိတို့လိုက်ပြမည်ဖြစ်ပါကြောင်း၊ မေးမြန်းလိုသည်များ ပြည်သူလူထုနှင့် ထိတွေ့ပြီး    မေးမြန်းလိုပါက ကြိုက်နှစ်သက်သူများကို မေးမြန်းနိုင်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်ချက်များကို    ပုံနှင့်တကွပြသလိုပါကြောင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတွင် ဖျက်ဆီးခံရသည့် စက်ရုံများကို     တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သွားရောက်ကြည့်ရှုပြီး စက်ရုံပိုင်ရှင်များကို မေးမြန်းနေသည့် ပုံများဖြစ်ပါကြောင်း၊ အထည်ချုပ်စက်ရုံ ဖြစ်ပါကြောင်း၊      ၎င်းစက်ရုံလည်း အများအပြား ပျက်စီးပါကြောင်း၊ မိမိတို့ သွားရောက်စဉ်အချိန်က စက်ရုံအတွင်းမှ အပ်ချုပ်စက်များကို ပြောင်းရွှေ့နေပါကြောင်း၊ ၎င်းတို့ အာမခံထားသည့် ပြည်တွင်း၊ ပြည်ပ အာမခံငွေများ ပြန်ထုတ်နိုင်ရန် လုပ်ငန်းပြန်စနိုင်ရန် ဝန်ကြီးများနှင့် တစ်ပါတည်းညှိနှိုင်းပြီး အာမခံငွေကြေး အမြန်ဆုံးရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်ပမှရရှိမည့် အာမခံကြေးများ အမြန်ဆုံးရရှိနိုင်ရန် မိမိတို့အနေဖြင့် ထောက်ခံချက်များဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စက်ရုံများ  ဖျက်ဆီး/မီးရှို့ကြရာတွင် ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တရုတ်နိုင်ငံပိုင် စက်ရုံနှင့် တရုတ်လူမျိုးပိုင် စက်ရုံများဟု ပြောဆိုကြပါကြောင်း၊ ၎င်းတို့တွင် အာမခံငွေကြေးများရှိပြီးဖြစ်ကြောင်း၊    အမှန်တကယ် နစ်နာသည်မှာ မြန်မာပြည်သူလူထုသာ နစ်နာပါကြောင်း၊၎င်းပြည်သူလူထု တစ်သောင်းကျော်၊  နှစ်သောင်းကျော် အလုပ်ပြုတ်သွားပြီး စားစရာမရှိဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ထိုနေ့တွင် လှိုင်သာယာနှင့် ရွှေပြည်သာမှာ စက်ရုံများကြည့်ပြီး ဒေသခံပြည်သူလူထုကို တပ်မတော်အနေဖြင့်၊ နစကအနေဖြင့်  ဆန်အိတ်နှင့် ဆီများကို လက်တွေ့လှူခဲ့ပါကြောင်း၊ အခြားသိလိုသည်များရှိက မေးမြန်းနိုင်ပါကြောင်း၊ မိမိအနေဖြင့် ဖြေနိုင်သည်များ ဖြေကြားပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

Mr. Che Hong Liang  ။ နောင်အချိန်များတွင် မေးခွန်းများ  မေးစရာရှိပါက ထပ်ပြီးဆက်သွယ်၍ ရနိုင်မလား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ထပ်ပြီး ဆက်သွယ်၍ ရပါကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားပြီး   ဖြေကြားပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊  တရုတ်နိုင်ငံအစိုးရ၊ မြန်မာပြည်သူလူထုနှင့် တရုတ်ပြည်သူလူထု တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး   ဆင်ဟွာ သတင်းဌာနက    တစ်ဖက်တစ်လမ်းက ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။

မြဝတီသတင်းအဖွဲ့