ဦးဟန်ဇင်ဦးမှ ထွက်ဆိုသည်မှာ - နောက်တိုးမဲစာရင်း ဖြည့်သွင်းခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ဆန္ဒမဲပေးနိုင်မည့် ရပ်ဝေးဒေသများမှ ရက်ပေါင်း ၉၀ နှင့်အထက် ပြောင်းရွှေ့နေထိုင် သူများ မဲစာရင်းထည့်သွင်းရေးဆောင်ရွက်ရာတွင် လူဦးရေ ၁၁၀၀ ခန့်စာရင်း တင်သွင်းခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက ၇၈၁ ဦးသာ လက်ခံပြီး အချက်အလက် မပြည့်စုံသည့် ၃၁၉ ဦးကို ပယ်ဖျက်ခဲ့ သော်လည်း ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဲစာရင်းတွင်ပါဝင်နိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် ပြောကြားချက်အရ ကွန်ပျူတာစာစီဖြင့် ၂၆၉ ဦး၊ လက်ရေးဖြင့် ၅၀ ဦး ပေါင်း ၃၁၉ ဦးကို နောက်တိုးစာရင်းအဖြစ် ထပ်မံ ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ ခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသော်လည်း အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အကူအညီ တောင်းခံခဲ့သဖြင့် ပြုလုပ်ပေးခဲ့ပါသည်။
မဲလက်မှတ်စာအုပ် ထပ်မံထုတ်ယူမှု၊ မဲစာအုပ်မီးရှို့ဖျက်ဆီးမှု အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံအမှတ်(၈၅)နှင့် (၈၇)တို့မှ တိုင်းရင်းသား မဲလက်မှတ်များ လိုအပ်ကြောင်း မဲရုံများမှ ဖုန်းဆက်လာခဲ့သဖြင့် မဲရုံအမှတ်(၈၅) အတွက် လီဆူး(၂)အုပ်၊ ရဝမ်(၁) အုပ်၊ မဲရုံအမှတ်(၈၇)အတွက် လီဆူး(၁)အုပ်၊ ရဝမ်(၁)အုပ် စုစုပေါင်း(၅)အုပ်တို့အား မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ထုတ်ယူခဲ့ပြီး မဲရုံမှူးထံသို့ ပေးအပ်ခဲ့ပါသည်။ ရွေးကောက်ပွဲ ပြီးသည့် (၂)ရက်မြောက်နေ့တွင် ရပ်ကွက်ရုံးသို့ ၁၀၃၀ နာရီခန့်တွင် သွားရောက်ခဲ့ပြီး မဲရုံသုံး ပစ္စည်းများအား သိမ်းဆည်းကာ နေရာချထားခဲ့ပါသည်။ ထိုသို့သိမ်းဆည်းနေစဉ် ကျွန်တော်၏ စားပွဲပေါ်၌ ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသော မဲလက်မှတ်စာအုပ် ၂ အုပ်အား တွေ့ရှိရသဖြင့် ထိုမဲလက်မှတ် စာအုပ် ၂ အုပ်အား မည်သူလာထားခဲ့သည်ကို ရုံးအကူ မလှချောယဉ်အား မေးမြန်း ခဲ့ရာ မသိရှိကြောင်း ဖြေကြားခဲ့သဖြင့် စစ်ဆေးကြည့်ရှုခဲ့ရာ ဆန္ဒမဲလက်မှတ်စာအုပ်၏ မဲလက်မှတ် စာရွက်နောက်ကျောတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စည်းဝိုင်းနှင့် ဦးဗန်းဗဟာဒူး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်မှ လက်မှတ်ထိုးထားသည်ကို တွေ့ရှိရပါသည်။ ထိုမဲစာအုပ် များအား အခြားသူများတွေ့မြင်ပါက ပြဿနာဖြစ်မည်ကို စိုးရိမ်၍ သိမ်းဆည်းထားခဲ့ကာ တစ်ပတ်ခန့်အကြာတွင် ရုံးအကူစာရေးဖြစ်သူ မလှချောယဉ်အား မီးရှို့ဖျက်ဆီးရန် စေခိုင်းခဲ့ပါသည်။
မဲရုံများ၌ မဲပေးသည့်နေ့တွင် မဲရုံအမှတ်(၈၁) မဲရုံမှူးဖြစ်သူ အထက (၁) ကျောင်းဆရာမ ဒေါ်ခိုင်မေထွန်းမှ ခေတ္တလာခဲ့ရန် ဖုန်းဆက်လာပြီး ၎င်းသည် လွှတ်တော်မဲစာအုပ် မှားပေးမိ၍ မဲလက်မှတ်ဖြတ်ပေးလိုက်သည်မှာ ၁၀ / ၁၅ ရွက်ခန့် ပင်ရှိကြောင်း ပြောဆိုခဲ့သဖြင့် မဲရုံမှူးဆရာမနှင့် တိုင်ပင်၍ မဲရေတွက်သည့်အချိန် မဲစာရွက်များ စီသည့်အခါမှ မဲပုံးတွင်မဟုတ်ဘဲ ကွဲပြားနေသည့် မဲလက်မှတ်များအား ထုတ်ယူထားရန် ဆုံးဖြတ်ခဲ့ပြီး ပြန်လာခဲ့ပါသည်။ မဲလက်မှတ်ရေတွက်သည့် အချိန် အဆိုပါ လွှတ်တော်မတူဘဲ ထည့်ထားသော မဲလက်မှတ်များကို နုတ်ယူလိုက်လျှင် အဆင်ပြေ နိုင်ကြောင်း မှားထည့်သည့် လွှတ်တော်တွင် မဲအရေအတွက်လျော့သွားမည်ဖြစ်ပြီး စာရင်းကောက် နိုင်သည်ဟု အကြံပြုခဲ့ပါသည်။ မဲများရေတွက်ပြီး၍ မဲရုံအမှတ်(၈၁)သို့ ရောက်ရှိစဉ် ဆရာမ ဒေါ်ခိုင်မေထွန်း အားမေးမြန်းရာ မဲပေးစဉ် မှားယွင်းထည့်သွားသည်ဟု ပြောဆိုပြီး မဲစာရင်း ရေတွက်သည့်အထဲသို့ ထည့်ပေးလိုက်ပါသည်။ ပိုသွားသည့် မဲလက်မှတ် လက်ခံဖြတ်ပိုင်းများအား ဆရာမ ဒေါ်ခိုင်မေထွန်းမှ မဲလက်မှတ်အိတ်အတွင်း ထည့်လိုက်မှု ရှိ/မရှိ မသိရှိပါ။ မဲပေးသည့်နေ့တွင် မဲရုံအမှတ်(၈၆)မဲရုံမှူး တက္ကသိုလ်ကျောင်းရှိ ဆရာ ဦးဝေမင်းဦး (ဌာနမမှတ်မိ)မှ ၎င်းသည် လွှတ်တော် စာအုပ်မှားထုတ်ပေးခဲ့ပြီး မည့်သို့ပြုလုပ်ရမည်ဟု မသိရှိသည်ကို ဖုန်းဆက်လာခဲ့သဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ကျွန်တော်တို့ ၃ ဦးမှ အထကခွဲ (၁) ရုံးခန်းအတွင်း မည်သို့ဆောင်ရွက်ရမည်ကို တိုင်ပင်ခဲ့ ပါသည်။ မဲပေးပြီးသူများကို ပြန်ခေါ်၍ မဲပေးခိုင်းလျှင် အဆင်ပြေနိုင်သော်လည်း ပါတီများမှ စောင့်ကြည့်အဖွဲ့များမှ လက်မခံနိုင်ပါက ပုံမှန်အတိုင်းလုပ်သွားကြရန်နှင့် မဲစာရင်းရေတွက်သည့် အချိန်မှ မဲလက်မှတ်နှင့် မဲပုံးမကိုက်ဘဲ မှားထည့်ခဲ့သည့် ပုံစံဖြင့် သက်ဆိုင်ရာ မဲပုံးရေတွက်သည့်အခါ ထည့်သွင်းရေတွက်သွားရန် ဆုံးဖြတ်လုပ်ကိုင်ခဲ့ပါသည်။
ရမ်ပူရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အောက်ပါစနစ်အတိုင်း ဖွဲ့စည်း ထားရှိပြီး မဲရုံ ၉ ရုံ ရှိသည့်အတွက် မဲရုံတစ်ရုံလျှင် မဲရုံတာဝန်ခံ ၂ ဦးနှုန်းဖြင့် အဖွဲ့ဝင် ၁၈ ဦး ထားရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးစာရေး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) တို့ပါဝင်ပါသည် -
(က) ဥက္ကဋ္ဌ ၁ ဦး အများယုံကြည်လေးစားသူရပ်မိရပ်ဖ
( ခ ) အဖွဲ့ဝင် ၁၈ ဦး အများယုံကြည်လေးစားသူရပ်မိရပ်ဖ
( ဂ ) အတွင်းရေးမှူး ၁ ဦး
ကြိုတင်မဲပေးခြင်းအား အသက် ၆၀ နှစ် နှင့်အထက် စာရင်းအား ရမ်ပူရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ရသော်လည်း ရပ်ကွက်အတွင်းလှည့်လည်၍ ကြိုတင်မဲ ကောက်ခံသည့် လုပ်ငန်းစဉ်တွင် ရမ်ပူရပ်ကွက်၌ မဲရုံ ၉ ရုံ တည်ရှိပြီး Covid-19 ကြိုတင် ကာကွယ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အရ အသက် ၆၀ နှစ် နှင့် အထက်စာရင်းအား ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသက် ၆၀ နှစ် နှင့်အထက် ပုဂ္ဂိုလ်များအပါအဝင် မဲရုံတွင် ဆန္ဒမဲပေးလိုခြင်းမရှိသောသူများသည် မဲရုံသို့ လာရောက်ဆန္ဒမဲ မပေးချင်သဖြင့် ကြိတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြပါသည်။ အသက် ၆၀ နှစ်နှင့် အထက် ပုဂ္ဂိုလ် များသာ ကြိုတင်ဆန္ဒမဲပေးရသည်ကိုသိရှိသော်လည်း လာရောက်သူများကို မောင်းထုတ်၍ မရသဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်စေခဲ့ပါသည်။ ယင်းနောက်မဲရုံသို့ လာရောက်ဆန္ဒမဲ မပေးနိုင်သော နာတာရှည်၊ အသက်ကြီး၊ လေဖြတ်ပုဂ္ဂိုလ်များအား ယာယီကြိုတင် ဆန္ဒမဲပုံးများ ကိုင်ဆောင်၍ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရာအိမ်မှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင် ၂ ဦးတို့ဖြင့် ဆေးရုံတက်လူနာများ၊ မြစ်ကြီးနားထောင်ကြီးမှ အချုပ်သားများအား ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ဆန္ဒမဲပေးခြင်းအား များပြားစွာ ခန့်မှန်း ၁၀၀၀ ကျော်ခန့် ဆောင်ရွက်ခဲ့ရသည့်အတွက် ကြိုတင်မဲပေးပြီးသူများ စာရင်း ပုံစံ(၁၃)တွင် စာရင်းရေးသွင်းရန် ကျန်ရှိခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်ဆန္ဒမဲပုံးနှင့် အတူ အပ်ရမည့်ပုံစံ(၁၃)စာရင်းများအပ်နှံခြင်းမရှိခြင်း အခက်အခဲများ ရင်ဆိုင်ခဲ့ရပါသည်။ အထူးသဖြင့် ကြိုတင်ဆန္ဒမဲပုံးမှ ကြိုတင်ဆန္ဒမဲလက်မှတ်များအား ရေတွက်သည့်အခါ ပုံစံ(၁၃)နှင့် စာရင်းကိုက်ညီမှု မရှိသဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ မဲဆန္ဒရှင် မရှိဘဲ ဆန္ဒမဲပေးထားသကဲ့သို့ ဖြစ်ခဲ့ပါသည်။ အထက်ပါ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်တွင် လုပ်ငန်းဆောင်ရွက်ရန် အားနည်းခဲ့သည်မှာ ကျွန်တော်နှင့် ရမ်ပူရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ရှိပြီး လုပ်ငန်းဆောင်ရွက်ချက် အားနည်းခဲ့ သည်မှာ မှန်ကန်ပါသည်။ မဲစာရင်းဖြစ်လာသည့် စာရင်းအား ၂၀၁၉ ခုနှစ်ရှိ လူဦးရေစာရင်းကို အခြေခံခဲ့ပါသည်။ ယင်းစာရင်းအားအဖွဲ့ဖြင့် စနစ်တကျ ကောက်ခံခဲ့သော်လည်း ၎င်းစာရင်းတွင် အိမ်ထောင်စုရှိ အဝေးရောက်စာရင်းများ၊ ယာယီနေထိုင်သူများ ပါဝင်နေပါသည်။ လူဦးရေစာရင်း စာရွက်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးအပ်ပြီးနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ အိမ်ထောင်စုရှိ ရပ်ဝေးနေထိုင်သူများအား မဲစာရင်းအဖြစ် သတ်မှတ်ထည့်သွင်းခြင်း၊ ယာယီအခြေချ နေထိုင်သူများအား မဲစာရင်းတွင် ထည့်သွင်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် လဝကရုံးတို့၏ အတည်ပြုစစ်ဆေးချက်များမပါဘဲ မဲစာရင်းပြုစုခဲ့ခြင်းဖြစ်သည့်အတွက် ယခင် မဲစာရင်းများထက် စာရင်းဖောင်းပွနိုင်ကြောင်း၊ ယင်းနောက် မဲစာရင်းတွင် ပါဝင်နေသူများအား သေချာစွာ သိရှိခြင်းမရှိဘဲ ဖြုတ်၍ မရခြင်း၊ လွန်ခဲ့သောတစ်နှစ်ခန့်က စာရင်းအား စိစစ်မှု အားနည်းခြင်းတို့ကြောင့် မဲစာရင်းမှန်ကန်မှုအားနည်းနိုင်ပါသည်။
မဲလက်မှတ်များ ပိုမိုထုတ်ယူခဲ့မှုအခြေအနေနှင့်ပတ်သက်၍ မဲလက်မှတ်များသွားရောက် ထုတ်စဉ် ထုတ်ယူရာတွင် လိုက်ပါသူများမှာ ဦးရဲထွဋ် ကော်မရှင်အဖွဲ့ခွဲ ( အဖွဲ့ဝင်)၊ (အတွင်းရေးမှူး)၊ ဦးတင့်ဝေ(ရာအိမ်မှူး)၊ ဦးမြင့်ဝေ(ရာအိမ်မှူး)၊ ဦးလင်းဦး(ရာအိမ်မှူး)၊ ဦးကိုင်လား(အရန်မီးသတ်) စသည်တို့ ပါဝင်ပါသည်။ မဲလက်မှတ်များထုတ်ယူစဉ် စာထုတ်အရေအတွက်အား စစ်ဆေး၍ ယူခဲ့ ပါသည်။ လက်ခံပြေစာတွင် ထုတ်ပေးသူနေရာ၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတန်ဂွန်း လက်မှတ် ထိုး၍ လက်ခံသူနေရာတွင် ရမ်ပူရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြစ်သည့် ဦးစိုးမြင့်နှင့် ကျွန်တော်တို့မှ လက်မှတ်ထိုးခဲ့ပါသည်။ ရွေးကောက်ပွဲမတိုင်မီတွင် ကျွန်တော်၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ၅ ဦးနှင့်အတူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ ယာဉ် ၂ စီးဖြင့် သွားရောက်ပြီး ရမ်ပူရပ်ကွက်ရှိ မဲရုံ ၉ ရုံအတွက် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် ၄၆၁ အုပ်၊ အမျိုးသား လွှတ်တော် ဆန္ဒမဲလက်မှတ် ၄၆၁ အုပ်၊ ပြည်နယ်လွှတ်တော်ဆန္ဒမဲလက်မှတ် ၄၆၁ အုပ်၊ တိုင်းရင်းသား လူမျိုးများဖြစ်သည့် ဗမာ ၂၂၇ အုပ်၊ ရှမ်း ၁၁ ၊ လီဆူး ၂၈၊ ရဝမ် ၇ အုပ် ထုတ်ယူခဲ့ပါသည်။ ထုတ်ယူ ရရှိသော မဲစာအုပ်များအား သက်ဆိုင်ရာ မဲရုံအလိုက် ဖြန့်ဝေပေးခဲ့ပါသည်။ ရွေးကောက်ပွဲမကျင်းပမီ ကြိုတင်မဲပေးမည့်ကာလတွင် ထုတ်ပေးသည့် မဲလက်မှတ်များလိုအပ်နိုင်ပြီး မဲရုံမှူးများမှ အခက်အခဲ တွေ့ရှိမည်ကို စိုးရိမ်သဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ နေရာအနှံ့ ထောင်ထားသော ပီနန်အိတ်အတွင်း မဲလက်မှတ်စာအုပ် ၁ ထုတ်လျှင် ၂၅ အုပ်ပါ ၃ ထုတ်ကျော် (မည်သည့်လွှတ်တော် မဲလက်မှတ်စာအုပ် မမှတ်မိ) အား ကော်မရှင်အဖွဲ့ခွဲရုံးတွင် စာရင်းမရေးသွင်းဘဲ မိမိသဘောဖြင့် ထုတ်ယူခဲ့ပါသည်။ ထိုသို့ ပြုမူဆောင်ရွက်ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည် ကို သိရှိကြောင်း ထွက်ဆိုပါသည်။