ဆယ်စုနှစ်တစ်ခုကျော်ကြာ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့သည့် ဝါရင့်ဂိုးသမား နူအာဂျာမနီလက်ရွေးစင် အသင်းကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာ
ဘာလင် ဩဂုတ် ၂၂
ဆယ်စုနှစ်တစ်ခုကျော်ကြာ ပွဲထွက်ဂိုးသမား အဖြစ် ပါဝင်ခဲ့သည့် ဝါရင့်ဂိုးသမား နူအာသည် ဂျာမနီလက်ရွေးစင်အသင်း ကစားသမားဘဝမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာ ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဂိုးသမားနူအာသည် ၂၀၀၉ ခုနှစ်မှစတင်ပြီး ဂျာမနီလက်ရွေးစင်အသင်းတွင် စတင် ပါဝင်ကစားခဲ့သူဖြစ်ကာ အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် နောက်ဆုံးပါဝင်ကစားပြီးနောက် ဂျာမနီလက်ရွေးစင်အသင်း ကစားသမားဘဝမှ အပြီးတိုင် အနားယူရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီ လက်ရွေးစင်အသင်းကစားသမားဘဝမှ ဝါရင့် ကွင်းလယ်ကစားသမား တိုနီခရူးစ်၊ ဂန်ဂိုဂမ်နှင့် ဝါရင့်တိုက်စစ်ကစားသမား သောမက်မူလာတို့ အနားယူခဲ့ပြီးနောက် ဝါရင့်ဂိုးသမား နူအာသည် လေးဦးမြောက် ကစားသမားအဖြစ် ဂျာမနီလက်ရွေးစင် အသင်းကစားသမားဘဝမှ အပြီးတိုင်အနားယူခဲ့ခြင်း ဖြစ်သည်။
ဂိုးသမား နူအာသည် ဂျာမနီလက်ရွေးစင်အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပွဲထွက် ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး ဂျာမနီအသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲစုံ ၁၂၄ ပွဲပါဝင်ခဲ့ကာ ဂျာမနီ လက်ရွေးစင် အသင်းသမိုင်းတစ်လျှောက် ပွဲ ၁၅၀ ပါဝင်ကစားခဲ့သည့် မက်သရူးစ်၊ ၁၃၇ ပွဲပါ၀င်ကစားခဲ့သည့် ကလိုဆေး၊ ၁၃၁ ပွဲပါ၀င်ကစားခဲ့သည့် သောမက် မူလာ၊ ပွဲ ၁၃၀ ပါဝင်ကစားခဲ့သည့် ပိုဒေါစကီးတို့ပြီး လျှင် ငါးဦးမြောက် ပွဲအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိနေသူဖြစ်သည်။
ထို့ပြင် နူအာသည် ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာ၌ အဓိက ဂိုးသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ဂိုးသမား နူအာသည် ဂျာမနီလက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူခဲ့သော်လည်း ပရော်ဖက် ရှင်နယ် ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်ဘဲ ဘိုင်ယန်မြူးနစ်အသင်းတွင် ဆက်လက်ကစားမည် ဖြစ်ကြောင်း သိရသည်။
Ref;Bild