လီဗာပူးအသင်း၏ အဓိကတိုက်စစ်မှူး ဆာလက်ချ်သည် လီဗာပူး၌ မပျော်ရွှင်၍ ရီးယဲလ် သို့မဟုတ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ကစားလိုသည့်အတွက် အသင်းက ထုတ်ရောင်းရန် စီစဉ်နေကြောင်း အီဂျစ်လက်ရွေးစင် အသင်းဖော် အဘူထရီကာက ထုတ်ဖော် ပြောသည်။
ဆာလက်ချ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် မစ်ဂျေးလန်းနှင့် ကစားစဉ် ဟန်ဒါဆန်ထံမှ အသင်းခေါင်းဆောင် လက်ပတ်ကို လက်လွှဲရရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဟန်ဒါဆန်မပါနိုင်ချိန် လူငယ်ကစားသမား အာနိုးကို အသင်းခေါင်းဆောင် လုပ်ခိုင်းခဲ့သဖြင့် စိတ်ပျက်ဝမ်းနည်းခဲ့ရကြောင်းနှင့် ကမ္ဘာ့ထိပ်တန်း အသင်းကြီး နှစ်သင်းဖြစ်သော ရီးယဲလ်နှင့် ဘာစီလိုနာတို့၌ ကစားလိုသည့် အိပ်မက် ရှိကြောင်း ပြောခဲ့ရာ လီဗာပူးအသင်းအတွက် ထိခိုက်စရာဖြစ်လာသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး အီဂျစ် လက်ရွေးစင် ကစားသမား အဘူထရီကာက ဆာလက်ချ်နှင့် ဆွေးနွေးပြောဆိုမှု ပြုလုပ်ခဲ့ကာ သိရှိရသလောက် လီဗာပူးအသင်းသည် ဆာလက်ချ်ကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း ပြောသည်။