(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) သေနတ်ပစ်အားကစားနည်းတွင် ကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း မြန်မာသေနတ်ပစ်အားကစားအဖွဲ့က ကစားနည်း ၁၁ မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။
“ဒီနှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေ ကျင်းပလို့မရတော့ဘူးဆိုတော့ အရင်နှစ်က Record ရှိတဲ့ ကစားသမားတွေ၊ ဆုရကစားသမားတွေ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဟောင်းတွေ၊ ပဏာမ လက်ရွေးစင်ကစားသမား ဟောင်းတွေ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲတွေမှာ ဆုရတဲ့ တပ်မတော်အရာရှိ စစ်သည်တွေကိုရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်မယ်။ ပြိုင်ပွဲမှာ သေနတ်ပစ်ကစားနည်း ၂၂ မျိုး ကျင်းပတဲ့ထဲက ဆုတံဆိပ်ရရှိနိုင်မှုအခြေအနေအရနဲ့ အဖွဲ့ချုပ်က တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအနေနဲ့ ၁၁ မျိုးပဲ ဝင်ပြိုင်မှာပါ”ဟု မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
မြန်မာသေနတ်ပစ် အားကစားအဖွဲ့သည် စခန်းသွင်းလေ့ကျင့်မှုကို ရန်ကုန်မြို့ မြောက်ဒဂုံ သေနတ် ပစ်ကွင်း၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ယင်းအဖွဲ့တွင် အုပ်ချုပ်သူ တစ်ဦး၊ နည်းပြသုံးဦး၊ အားကစား သမားများအနေဖြင့် Pistol အမျိုးသားငါးဦး၊အမျိုးသမီးငါးဦး၊ Rifle အမျိုးသား ငါးဦး ပါဝင်မည်ဖြစ် ကြောင်း သိရသည်။