နေပြည်တော်၊ ဧပြီ - ၂
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁ ရက် တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ အိမ်ယာဘေး၌ လက်လုပ်မိုင်း ၃ လုံးအားလည်းကောင်း၊ သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နဝရက်(၃)လမ်း၊ တိုက် ၅၀၆၊ (၃)လွှာ၊ အခန်း B ၌ နိုင်ဝင်းအောင် အပါအဝင် အမျိုးသား ၃ ဦးအားလက်လုပ်မီးခိုးဗုံး ၅ လုံး၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ မအူပင်မြို့၊ အမှတ်(၁၁)ရပ် ကွက်၊ သိဒိ္ဓမင်္ဂလာလမ်းရှိ ကိုနိုင်(ခ) ကိုကိုနိုင်(ဘ)ဦးဘစိန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းမှာထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ပတ္တမြားသိင်္ဂီလမ်းအရောက်၌ ၎င်းနှင့်အတူ ဖြိုးအောင်(ခ) ကိုဖြိုး(ဘ)ဦးတင်ဖေတို့အားတွေ့ရှိခဲ့ပြီး ကိုနိုင်မှ ၎င်းကိုင်ဆောင်ထားသည့် လက်ဆွဲ အိတ်အား ပစ်ချထွက်ပြေးသွားသဖြင့် အိတ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့် အတူ ဖြိုးအောင်အားဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁၂)ရပ်ကွက်၊ မြို့သစ်(၄)လမ်းရှိ ၎င်း နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစီမံကိန်းရပ်ကွက်၊ ကညနရုံး အနီး၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ် အတွင်းမှ ဒေသန္တရလက်လုပ်ချိန်ကိုက်ဗုံး ၁ လုံး အားလည်းကောင်း၊ ငမိုးရိပ်ရပ်ကွက်၊ သံသုမာလမ်းမကြီးနှင့် ရတနာလမ်းဆုံအနီးရှိ ကညနရုံးရှေ့၌ ဒေသန္တရလက်လုပ်ဗုံး ၁ လုံးအားလည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မိုးဆန်းအောင်(ခ)ဗြောင်ကြီးအား ၎င်းနေအိမ်၌ ဂျင်ကလိ ၅၂ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက် (၇)လမ်း၊ ဖျာပုံတံတားအနီး၌ ဆူပူအကြမ်းဖက်သူ ၁၀၀ ဦးခန့်က ဆိုင်ကယ် ၅၀ စီးခန့်ဖြင့် ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း၊ မုံရွာမြို့၊ နန္ဒဝန် ရပ်ကွက်၊ အေးရိပ်သာလမ်းရှိ ကျော်မျိုး(ခ)ငမျိုး၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ ပြည့်ဖြိုးမောင်(ဘ) ဦးသောင်းရွှေနှင့် ကောင်းခန့်ကျော်(ဘ)ဦးသန်းပိုတို့ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၈ လုံး၊ ဒူးလေး ၂ လက်၊ အခြားဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ ယင်းမာပင်မြို့နယ်၊ တောင်ပုအုပ်စု၊ သပြေအေး ကျေးရွာသို့ သတင်းအရ သွားရောက်စဉ် ဆူပူအကြမ်းဖက်သူအင်အား ၅၅၀ ဦးခန့်က ကျေးရွာအတွင်းသို့ ဝင်ရောက်၍မရအောင် မြေဖြတ်ကျင်းများတူးကာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား လက်လုပ်သေနတ်၊ တူမီးသေနတ်၊ လေးခွ၊ ဂျင်ကလိ၊ မီးပုလင်း မျာဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ ၎င်းနေရာမှ တူမီးသေနတ် ၄ လက်၊ လက်လုပ် သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၃ လုံးတို့အားလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအနီး မန္တလေး- လားရှိုးကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် နောင်ချိုဘက်မှ မန္တလေးဘက်သို့ နိုင်ဝင်းအောင်(ဘ)ဦးဝင်းအောင်မောင်းနှင်သည် ရွှေလွင်မန်းခရီး သည်တင်ယာဉ်အား ရှာဖွေစစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် တင်ဆောင် လာသည့် ဂျပ်ဖာအတွင်းမှ လေသေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများ အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်း၊ ၅၉ လမ်းနှင့် ၆၀ လမ်းကြား၊ အမှတ် (တတ-၁၇/၅၁)ရှိ ပြည့်စုံမင်း လျှပ်စစ်ပစ္စည်းဆိုင်အတွင်း၌ ပိုင်စိုးမင်း(ဘ)ဦးအောင်ခိုင်အား လက်လုပ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်း များနှင့် လည်းကောင်းဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။
ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။