ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၄

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၃ ရက် တွင် တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ(၂)၊ ရှုခင်းသာလမ်းရှိ အဆောက်အဦ အတွင်းမှ အမျိုးသား ၈ ဦးအား ဓားများ၊ ဂျင်ကလိများ၊ ရှော့တိုက်ဝါယာကြိုး တပ်ဆင်ထားသည့် ဘတ္ထရီအိုး ၂ လုံး၊ မီးစာတပ်ထားသည့် ဓာတ်ဆီနှင့်ဒီဇယ်ဖန်ပုလင်း ၂၀ လုံးနှင့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် မီးပွိုင့်အနီး၌ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊  ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာရှိ အောင်နိုင်(ဘ)ဦးလှရွှေ ၏ နေအိမ်၌ လက်လုပ် သေနတ် ၅ လက်နှင့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ လည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ အေးနန္ဒာလမ်းရှိ ဦးသိန်းနိုင်(ဘ) ဦးငွေမြင့် အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၃ လက်နှင့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းတောင်တံတား၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်စဉ် ကော့ကရိတ် မြို့ဘက်မှ လမ်းလျှောက်လာသည့် လသု(ဘ) ဦးမောင်နီရေ အား လက်လုပ်သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ “ကြယ်စင်ဟိန်း” ထမင်းဆိုင်အနီးရှိရေမြောင်းအတွင်းမှ ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်လေ သေနတ် ၁ လက်အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၃ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်‌သောပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဗန်းမော်မြို့နယ်၊ ခွန်သာရပ်ကွက်အရောက်၌ ဆူပူ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ မီးပုလင်းများ ဖြင့် အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ပြီး အကြမ်းဖက်သူလူအုပ်စုအတွင်းမှ ဇော်လင်း(၆၁)နှစ်၊ (ဘ)ဦးထယ်ပါ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့အား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ဂျင်ကလိ ၁၀ ချောင်း၊ သံဆူးခွ ၁၀ ခု၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း၄၁ လုံး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက် ၄ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နံနက် ၈ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည့်ကင်း ဆောင်ရွက်နေစဉ် မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀၊ ၆၇ x ၆၈ လမ်းထောင့် အရောက်၌ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာ ရပ်ကွက်နေအောင်ဘုန်းခန့်ပါ ၃ ဦးစီးနင်း လာသော ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ၎င်းတို့လွယ်ထားသောကျောပိုးအိတ်များ အတွင်းမှ ဂျင်ကလိ ၅ ချောင်း၊ သံတုတ် ၂ ချောင်း၊ ဓား ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ မီးခိုးဗုံး ၁ လုံးနှင့် အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် ဆက်လက် ထွက်ခွာခဲ့ရာ မဟာအောင်မြေမြို့နယ်၊ (၃၅)လမ်း၊ ၆၈ x ၆၉ လမ်းကြားအရောက်၌ အမျိုးသား ၂ ဦး သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအားမြင်သည်နှင့် အိမ်အမှတ်(၄)အတွင်းသို့ ပြေးဝင်သွား သည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၎င်းနေအိမ်အားဝင်ရောက်စစ်ဆေး ခဲ့ရာ နေအိမ်အတွင်းမှ မောင်သန့်ပါ အမျိုးသား ၂ ဦးနှင့် လက်လုပ်သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်နေ ယာဉ်မွန်စန်း (၃၅)နှစ် (ဘ) ဦးကျော်ဆန်း၏ ပစ္စည်းအဟောင်းအရောင်းအဝယ်ဆိုင်သို့ သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာယာဉ်မွန်ဆန်းအားမတွေ့ရှိရဘဲ ၎င်းဆိုင်အတွင်းမှ ဆူပူအကြမ်းဖက်မှုလုပ်ရပ် များတွင်အသုံးပြုမည့် မီးစာတပ်ဆင်ထားသောဓာတ်ဆီ ပုလင်း ၄၄ လုံး၊ ဂျင်ကလိ ၄၀ ချောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်ဗုံး ၂ လုံး၊ ဓား ၃ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ စစ်ဆေးရှာဖွေစဉ် ဟားခါးမြို့ဘက်မှ ကလေးမြို့ဘက်သို့ ထင်အောင်ထွန်း(ဘ) ဦးတင်ထွန်း မောင်းနှင်လာသည့်  TOYOTA HIAGE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် လေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်နှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

          ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။