ဆူပူအကြမ်းဖက်သူတစ်စုက ဒေသခံပြည်သူများအား အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်

နေပြည်တော်၊ မတ် - ၃၁

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ အောင်တံခွန်လမ်း၊ အမှတ်(၅၅၆)နေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူ ဦးဇော်မင်းထွေးအား ဆူပူအကြမ်းဖက်သူတစ်စုက မတ် ၂၉ ရက်ညပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာ လှော်ကားလမ်းနှင့် ပုဂံလမ်းဆုံနေရာရှိ " နေမင်းသစ်" လက်ဖက်ရည်ဆိုင်ရှေ့၌ ကြိုးတုတ်၍ မီးရှို့ခံထားရသည့် ကျား/မ (စိစစ်ဆဲ)အလောင်း တစ်လောင်းအား တွေ့ရှိခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးဇော်မင်းထွေး၏ နေအိမ်သို့သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာတွင်လည်း ၎င်းအား တွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံး လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ မီးရှို့ခံထားရသည့် ရုပ်အလောင်းအား သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဦးဇော်မင်းထွေးဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။