ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်

နေပြည်တော်၊ ဧပြီ ၁၄

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင်အဆောက်အဦ၊ စာသင်ကျောင်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များအား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများအားယုံကြည်ကာ အမျှော်အမြင် အဆင်အခြင် မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။

ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက် ညနေ ၃ နာရီအချိန်တွင် တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦး က မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါမီးပုလင်းများမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံး အမိုးပေါ်ကျရောက် ပေါက်ကွဲ၍ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်၍ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင်မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအမိုးအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားရှိ ယာယီရုပ်သိမ်း ထားသည့် ကံမလမ်းခွဲရဲကင်းစခန်းအား အကြမ်းဖက်သူများမှ မီးရှို့ခဲ့မှုကြောင့် မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၁၀ မိနစ်အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ရဲကင်းအဆောက်အဦ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၄ ရက် နံနက် ၂ နာရီ ၅၀ အချိန်တွင် မလှိုင်မြို့နယ်၊ မိတ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ စာသင်ခုံအဟောင်းများထားရှိရန် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားရှိသည့် အဆောက်အဦ ၁ လုံးနှင့် နံနက် ၅ နာရီ အချိန်တွင် ညောင်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ခုံအဟောင်းများထားရှိရန် ကိုယ်ထူကိုယ်ထ ဆောက်လုပ် ထားရှိသည့် အဆောက်အဦ ၁ လုံးတို့ အကြမ်းဖက်သူလူတစ်စု (စိစစ်ဆဲ)မှ မီးရှို့ခဲ့မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကလေး တောင်ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူလူတစ်စု(စိစစ်ဆဲ)မှ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်ပေါက် တံခါးအောက်ခြေမှ ဓာတ်ဆီလောင်းမီးရှို့ခဲ့၍ အဆိုပါရုံးအတွင်း မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ရုံးအတွင်းရှိ TV  ၁ လုံး၊ ပန်ကာ ၁ လုံး၊ အသံချဲ့စက် ၁ လုံးနှင့် ရုံးသုံးစာရွက် စာတမ်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၄ နာရီအချိန်တွင် သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ ရပ်ကွက်စီမံအုပ် ချုပ်ရေးအဖွဲ့ရုံး မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ရုံးခန်းအတွင်းရှိ ပန်ကာ ၂ လုံး၊ TV ၂ လုံး၊ Sound Box ၂ လုံး၊ ပလက်စတစ်ထိုင်ခုံ ၇ လုံးနှင့် အခြားရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးလောင်မှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ အကြမ်းဖက်သူများမှ ရုံးအတွင်းဒီဇယ်လောင်း၍ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၅ နာရီခွဲအချိန်တွင် သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ရပ်ကွက်စီမံအုပ် ချုပ်ရေးအဖွဲ့ရုံး မီးလောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့် ရုံးတွင်ချိတ်ဆွဲထားသော ဗီနိုင်း ၁ ခု မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးလောင်မှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ အဆိုပါရုံးပတ်လည်တွင် အကြမ်းဖက်သူလူတစ်စုမှ ဒီဇယ်ဆီ များပတ်ဖြန်းထားပြီး ရုံးဝင်းအတွင်းရှိ အမှိုက်ပုံများအား စုပုံမီးရှို့ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အလားတူ နံနက် ၁၀ နာရီအချိန်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူ အမျိုးသား ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး မီးပုလင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါမီးပုလင်းမှာ ရုံးလှေကားအုတ်ခုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။