ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ နည်းလမ်းများအတိုင်း အဖျက်အမှောက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၁

ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်လျက် ရှိရာ ၂၀၂၁ ခုနှစ် ၊ မတ်လ ၃၁ ရက်နှင့် ယနေ့တို့တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၌ မြို့နယ်အချို့ရှိ နိုင်ငံတော် ပိုင်အဆောက်အဦများ၊ လမ်းတံတားများ၊ ဘဏ်များအား မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ဖောက်ခြင်း၊ ရိုက်ချိုးဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ထိုသို့ဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ကော့ကရိတ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်လျက်ရှိသော ကင်းရုံအတွင်းသို့ လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ရန်ပြုပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အမျိုးသား ၆ ဦး(စိစစ်ဆဲ)က ရုံးအတွင်းသို့ ဝင်ရောက် ဖျက်ဆီးခဲ့သဖြင့် ရုံးအတွင်းရှိ ပလပ်စတစ် ထိုင်ခုံ ၁၂ လုံး၊ သစ်သားစားပွဲ ၂ လုံး၊ ပြူတင်းပေါက်မှန် ၆ ချပ်၊ Samsonic TV ၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်ရှိ ရဲစခန်းသို့ ယနေ့ နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၁၀၀ ဦးခန့်က ဓား၊ မီးပုလင်းများကိုင်ဆောင် ရောက်ရှိလာပြီး ဓာတ်ဆီပုလင်းများအား မီးရှို့၍ အကြမ်းဖက်ရန်ပြုပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၄ နာရီခွဲ အချိန်တွင် လူစုကွဲသွားခဲ့သည်။ ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုမှ ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်နေ သန်းဝင်း(ခ) ဝင်းကို (၄၈)နှစ် (ဘ) ဦးညိုလုံးအား အကြမ်းဖက် ရာတွင် အသုံးပြုသည့် မီးစာ တပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၂ လုံး၊ ဓားရှည် ၁ ချောင်း၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ထို့အတူ ယနေ့နေ့လယ် ၂ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းတစ်ခုအား ဆူပူအကြမ်းဖက်သူလူစုလူဝေးအင်အား ၁၀၀ ဦးခန့် ရောက်ရှိလာပြီး လက်လုပ်မိုင်း၊ ဂျင်ကလိ၊ လေးခွ၊ မီးပုလင်းများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လယ် ၂ နာရီခွဲအချိန်တွင် လူစုကွဲသွား ခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၆ ဦးအား အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုမည့် မီးစာတပ်ဆင်ထားသည့် မီးပုလင်း ၂၂ လုံး၊ လက်လုပ်မိုင်း ၂၀ လုံး၊ ဂျင်ကလိ ၂ ချောင်း၊ မီးရှူးမီးပန်း ၂၀ ခု၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် နတ်မောက်မြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ နေအိမ်အား အကြမ်းဖက်သူလူအုပ်စုက ဓာတ်ဆီ ပုလင်း ၃ လုံး မီးရှို့ပစ်ပေါက်ခဲ့ရာ နေအိမ်တိုက်နံရံအား ထိမှန်ကွဲခဲ့သော်လည်း မီးလောင်ကျွမ်းမှု မရှိကြောင်း သိရှိရပါသည်။

အလားတူ မတ် ၃၁ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် မိုးညှင်း-မြစ်ကြီးနား၊ မိုးညှင်းမြို့ရှောင်လမ်းရှိ အင်ကြင်းကုန်းလမ်းဆုံနှင့် ထန်းတစ်ပင်ကျေးရွာကြား တံတား အမှတ်၊ ၂/၇ ၊ နန့်ရင်းချောင်းတံတား၊ အရှည် ၃၀၀ ပေ၊ အကျယ် ၃၀ ပေရှိ သံကွန်ကရစ်တံတားအား ကေအိုင်အေ အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် မိုးညှင်းမြို့ဘက်အခြမ်း ပေ၅၀ ခန့်အကွာ တံတား ကြမ်းခင်းအဆက်နေရာတွင် အလျား ၆ ပေခွဲ၊ အနံ ၃ ပေ၊ အနက် ၁ ပေခန့် တံတားကွန်ကရစ် ကြမ်းခင်းပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ တံတားပျက်စီးခဲ့သည့်နေရာအား အမြန်ပြန်လည် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုပြင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ မိုးဒါစုရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်လင်းထိုက်၏ နေအိမ်၊ ဒေါ်မြမြအေး၏ နေအိမ်နှင့် စက်ကုန်းရပ်၊ အုတ်ကျင်းရပ်ကွက်၊ သံလမ်း အနောက်ဘက်ခြမ်း၊ စက်ကုန်း၂/၃ လမ်းကြားရှိ ဒေါ်လှဌေး တို့၏ နေအိမ်များအတွင်းသို့ ဆူပူအကြမ်းဖက်သူ ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ၃ ဖွဲ့ခွဲကာ လမ်းပေါ်မှနေ၍ လက်လုပ်ဗုံးများဖြင့် လိုက်လံပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။ အဆိုပါပစ်ပေါက်မှုများ ကြောင့် ဦးကျော်လင်းထိုက် နေအိမ်၌ ခေါင်းမိုးသွပ် ၂ ချပ်နှင့် ဝရမ်းတာပွတ်လုံး ၅ လုံးခန့်ပျက်စီးခြင်း၊ ဒေါ်မြမြအေး နေအိမ်နှင့်ခြံစည်းရိုးကြားရှိ ရေချိုးကန် ကွန်ကရစ်ကြမ်းခင်းပေါက်ပြဲခြင်း၊ အိမ်နံရံ ထိခိုက်ပျက်စီးခြင်းနှင့် ဒေါ်လှဌေး နေအိမ်သို့ ပစ်ပေါက်ခဲ့သည့် လက်လုပ်ဗုံးမှာ ပေါက်ကွဲမှုမရှိသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

အထက်ပါဖြစ်စဉ်များအတွင်း ဆူပူအကြမ်းဖက်မှုပြုလုပ်ခဲ့သော ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အမြန်ဆုံးထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။