ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ နည်းလမ်းများ အတိုင်း အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊ ဧပြီ ၃
    
ဆူပူအကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား အဖွဲ့ငယ်များ ခွဲ၍ လုပ်ဆောင် လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၌ မြို့နယ်အချို့ရှိ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ သာမန်ပြည်သူများ၏ နေအိမ် အဆောက်အဦများအား လက်လုပ်မိုင်း၊ မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရသည်။
    
ထိုသို့အဖျက်အမှောက်လုပ်ရက်များ လုပ်ဆောင်ရာခဲ့ရာတွင် ယနေ့နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ ဦးမောင်ငယ် ပိုင်ဆိုင်သော “Golden Point” လက်ဖက်ရည် ဆိုင်အား အမျိုးသား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၂ လုံး၊ ဓာတ်ဆီပုလင်းတစ်လုံးအား မီးရှို့ပစ်ပေါက်၍လည်းကောင်း၊ နံနက် ၈ နာရီခွဲအချိန်တွင် သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘူတာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး မီးပုလင်း ၂ လုံးဖြင့် လည်းကောင်း မီးရှို့ပစ်ပေါက်ထွက် ပြေးသွားခဲ့ကြောင်း သိရှိရပြီး ထိုသို့ပစ်ပေါက်မှုများကြောင့် လူ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ မရှိကြောင်း သိရှိရသည်။
    
အလားတူ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာသွား ကားလမ်းရှိ အရှည် ၈၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိ ခရုမြှောင်ကွန်ကရစ်တံတား ချဉ်းကပ်လမ်းအနီးတွင် လက်လုပ် မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တံတား၏ ဝဲဘက်ခြမ်းထိပ်  နတ်သံကွင်းအဆင်း လမ်း၌ ကွန်ကရစ်လမ်း ၆ ပေခန့် ပျက်စီးသွားခဲ့ပြီး အဆိုပါတံတားပေါ်မှ ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရှိရသည်။
    
အထက်ပါဖြစ်စဉ်များအတွင်း အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။