ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်များအား လုပ်ဆောင်ခဲ့

နေပြည်တော်၊ ဧပြီ - ၂၀

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား အကြမ်းဖက်ရန်ပြု ဖျက်ဆီးခြင်းနှင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ ဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၁၉ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းမပေါ်ရှိ “Top” မိတ္တူဆိုင်အနီး ရပ်တန့်ထားသော ဦးလှမင်း(၅၂)နှစ် (ဘ)ဦးသိန်းစိန်၏ 4N/xxxx Caravan ယာဉ်အောက်သို့ အကြမ်းဖက်သူအမျိုးသား ၁ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ယာဉ်အောက်သို့ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်အောက်တွင် ပေါက်ကွဲပြီးသော လက်လုပ်ဗုံးပြုလုပ်ထားသည့် ကော်ပိုက်အပိုင်းအစများ၊ သံမှို ၁၀ ချောင်း၊ ဘောစိ ၁၅ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်ယာဉ် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

အလားတူ ည ၈ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်း ထိန်သစ်ရပ်ကွက်၊ အမှတ်(၃၃၃)နေ ဦးဝင်းနိုင် ၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ နေအိမ်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ ရှုခင်းသာလမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၁၉ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၁၉ ရက် ည ၁၁ နာရီခွဲခန့်တွင် လည်းကောင်း ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခြင်း တို့ကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာများသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွား ခဲ့သည်။

အထက်ပါ မီးလောင်မှုများကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ရုံးများ အတွင်းရှိ ပရိဘောဂများ၊ မျက်နှာကျက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၎င်းအပြင် ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းခုံးတံတားအနီးရှိ ကမာရွတ်မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးရုံး အား အကြမ်းဖက်သူက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ခဲ့၍ အဆိုပါလက်လုပ်ဗုံးမှာ အဆိုပါရုံးအရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါရုံး၏ ဝင်ပေါက်မှန် ကွဲအက်ကာ ရုံးဝင်းအတွင်း ရပ်ထားသော လှည်းတန်း လူမှုကူညီရေး အသင်းပိုင် YGN 6P/xxxx ယာဉ်၏ လေကာမှန် ကွဲအက် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။

အလားတူ ည ၁၀ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ရဲစခန်းအား မဟာအောင်မြေမြို့နယ်၊ သံ/နောက်ရပ်ကွက်၊ ပတ္တမြားရပ်နေ ဇင်ဟိန်း (၂၄)နှစ် မှ လေးခွဖြင့် ပစ်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ဇင်ဟိန်းအား လေးခွကိုင်ဆောင်လျက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ဓားဦးချွန် ၁ ချောင်းနှင့် လောက်စာလုံး ၁၀ လုံးတို့အား တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဧပြီလ ၂၀ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အနောက်ဘက်ဝင်ပေါက် အုတ်တံတိုင်းအနီး ဗုံး ၁ လုံးပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် Ooredoo ဆင်းကတ်ထည့်ထားသော Keypad ဖြင့် ပြုလုပ်ထားသည့် လက်လုပ်အသံမိုင်းဖြစ်ကြောင်း သိရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မြို့နယ်စာရင်းစစ်ရုံး အဝင်လှေကားဘေး၌ လက်ပစ်ဗုံး ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်စာရင်းစစ်ရုံး အဝင်လှေကားဘေးတွင် လက်ပစ်ဗုံး ၁ လုံးအား စနက်တံဖြုတ်လျက် မပေါက်ကွဲသေးသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်၃၈ ရပ်ကွက်၊ အုတ်လှငယ်လမ်းနှင့် ဗညားနွဲ့လမ်းထောင့်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူအမျိုးသား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ခေါင်းမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦ အမိုးနှင့် မျက်နှာကျက် အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ ဦးထွန်းဝင်း (၄၈)နှစ် (ဘ) ဦးသိန်းထွန်း၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုံးဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ဦးထွန်းဝင်း၏ နေအိမ်ရှေ့ အမှိုက်ခြင်းအတွင်း ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ပါဝင် ပတ်သက် သူများအားလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေး ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။