ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဧပြီလ ၁၈    

   နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်းဖြင့်ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းများအပြင် အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိနေရပါသည်။

  ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ နေအိမ်များအား တစ်ရွာတည်းနေ ကျော်စွာထက် ဦးဆောင်၍ ဆူပူအကြမ်းဖက်သူ အင်အား ၂၀၀ ဦးခန့်မှ တုတ်/ဓား/လေးခွများဖြင့် ဝိုင်းဝန်း ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ဆူပူအကြမ်းဖက်သူများအား မတွေ့ရှိရတော့ဘဲ ဆူပူအကြမ်းဖက် သူများ၏ ဖျက်ဆီးမှုကြောင့် အဆိုပါကျေးရွာနေ ဦးသောင်းအေး(၄၈)နှစ်၊ (ဘ)ဦးစိန်အောင် ပါ ကျေးရွာသား ၉ ဦး (စိစစ်ဆဲ)၏ နေအိမ်ခြံစည်းရိုးများ၊ ပြတင်းမှန်များ၊ ဆိုင်ကယ် ၁ စီး၊ ရေခဲသေတ္တာ ၁ လုံး၊ ဆန်အိတ် ၃၀ အိတ်နှင့် ဒီဇယ်ဆီ ပေပါ ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

  အလားတူ ဧပြီ ၁၇ ရက် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(တောင် ပိုင်း)၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၌ လက်လုပ်အသံမိုင်း ၁ လုံးပေါက်ကွဲ ခဲ့သဖြင့် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာ၌ သွားရောက်ရှာဖွေရာ ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော မပေါက်ကွဲသေးသည့် လက်လုပ်အသံဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အများ ပြည်သူအန္တရာယ ်မဖြစ်စေရေး သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

  အလားတူ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ အလယ်ချိုင့်ကျေးရွာ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့မှူး ဦးစိန်ရွှေ၏ နေအိမ်အား အကြမ်းဖက်သူလူအုပ်စုမှ မီးပုလင်းများဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ မီးပုလင်းများမှာ နေအိမ်အမိုးပေါ် ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၁၀ မိနစ်အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်နောက်ဖေး အမိုးအနည်းငယ် မီးလောင်ပျက်စီးခဲ့ ကြောင်း သိရှိရသည်။ ထို့အတူ ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြင်းခြံ  KBZ mini Bank ၁ အား လက်လုပ်မိုင်းဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘဏ်ရှေ့ အလူမီနီယမ် လိပ်တံခါးဆိုင်းဘုတ်၊ အဝင်ဝ မျက်နှာ ကျက်၊ ATM စက်ခန်းမှန်တံခါး၊ အုတ်နံရံများ ပြိုကျပျက်စီး၊ မှန်တံခါးများ ကွဲအက်ခဲ့ကြောင်း သိရှိရ သည်။

အလားတူ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူ လူတစ်စုမှ မီးရှို့သွား၍ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း အဆောက်အဦ ၁ လုံး၊ ရုံးတွင်းပရိဘောဂများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

  အလားတူ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ထားဝယ်မြို့၊ ဗျောတောဝမြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် မီတာ ၅၀၀ ခန့်အကွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ဗျောတောဝ စစ်ဆေးရေးဂိတ်နှင့် မီတာ ၄၀၀ ခန့်အကွာရှိ မီးရထားသံလမ်းစောင့် ဂိတ်တဲအတွင်း၌ မပေါက်ကွဲသေးသော  အချိုရည်ပုလင်းဖြင့် ပြုလုပ်ထားသော လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။

  ၎င်းအပြင် ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ဓမ္မဝိဟာရလမ်းထောင့်ရှိ  ရပ်ကွက်ဓမ္မာရုံအနီး၌ လက်ပစ်ဗုံး ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လုံခြုံရေးပင်ပြုတ်ပြီး လက်ကိုင်ကလစ် မပြုတ်သေးသော အမေရိကန်နိုင်ငံထုတ် M-67 လက်ပစ်ဗုံးဖြစ်ကြောင်း သိရှိရ သဖြင့် အများပြည်သူ အန္တရာယ်မဖြစ်စေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အလားတူ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်၊ စကားဝါလမ်း ပေါ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၁ လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

  အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား အမြန်ဆုံ ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။