ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဧပြီလ ၂၄    

    နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများ အနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိနေရသည်။

    ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ လောဟန်စီ တရုတ်ဘုံကျောင်းရှေ့ ဈေးလမ်းမပေါ်၌ လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရား သာသနာ့ဗိမာန်ရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်နှင့် ရွှေချောင်းလမ်း OK II လက်ဖက်ရည်ဆိုင်ရှေ့တို့၌ လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြိုင်-ပခုက္ကူကားလမ်း ပညာရေးဌာနသင်ထောက်ကူပစ္စည်း များထားသိုရာ အဆောက်အဦအနီး၌ လည်းကောင်း အကြမ်းဖက်သူများက လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ခြင်းကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှု မရှိကြောင်း သိရသည်။

    အလားတူ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနှင့် ၃၈ လမ်းဆုံ မီးပွိုင့်၌ လမ်းရှင်းတာဝန် ဆောင်ရွက်နေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၃ ဦးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ပြီး မီးပွိုင့်အချက်ပြ မီးထိန်းချုပ်ရေး အခန်းနှင့် ပေ ၅၀ ခန့်အကွာ၌ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    အလားတူ ဧပြီလ ၂၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာနေ ဒေါ်စိန်တင် (ခ) ဒေါ်နီတာ (၅၀)နှစ် (ဘ) ဦးထွန်းမောင်၏ နေအိမ်အား အနက်ရောင်များ ဝတ်ဆင်ထားသော အကြမ်းဖက်သူ အမျိုးသား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မီးပုလင်း ၂ လုံးနှင့် လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရှိရသည်။

    ထို့အပြင် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(မြောက်)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းထောင့်ရှိ ပလက်ဖောင်းပေါ်၌ လက်လုပ်ဗုံး ၁၇ လုံး၊ စနက်တံပါ ကာလာမီးခိုးဗုံး ၇ လုံး၊ ဗျောက်အိုး ၁၁ လုံး၊ သံမှိုများထည့်ထားသည့် ရေသန့်ဘူးအသေး ၁ ဘူး၊ ဓာတ်ငွေ့ကာ ၁ ခုတို့အားလည်းကောင်း၊ နံနက် ၉ နာရီအချိန်တွင် လင်းလွန်း(တောင်)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဥယျာဉ်လမ်းထောင့် လမ်းမကြီးဘေး၌ လက်လုပ်ဗုံး ၂ လုံးနှင့် မီးခိုးဗုံး ၂ လုံးတို့အား လည်းကောင်း၊ နံနက် ၉ နာရီအချိန်တွင် ဒဂုံမြို့သစ်(အရှေိ့ပိုင်း) မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ထိပ်တင်မှတ်လမ်းထောင့်ရှိ စတုဒီသာ ဘုန်းကြီးကျောင်းတိုက်ဝင်း အတွင်း၌ လက်လုပ်ဗုံး ၉ လုံးအား  လည်းကောင်း စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။   

    ၎င်းအပြင် မွန်းလွဲ ၂ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအား အကြမ်းဖက်သူ အမျိုးသား ၁ ဦးက ဓာတ်ဆီစွတ်ထားသော မီးတုတ် ၂ ချောင်းဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပတ်ဝန်းကျင်ရှိ လူများက မီးငြှိမ်းသတ်ခဲ့သဖြင့် မီးလောင်ကျွမ်းမှု မရှိကြောင်း သိရှိခဲ့ရပြီး ထိုကဲ့သို့သွားရောက် စစ်ဆေးစဉ် အဆိုပါရုံး၏ အရှေ့ လမ်းတစ်ဖက်ခြမ်းမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံးအား သိမ်းဆည်းရမိခဲ့သည်။

    ထိုပြင် ဧပြီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးထွေးနိုင် (၃၄)နှစ် (ဘ) ဦးတင်ထွေး ပိုင်ဆိုင်သော Happy Life စားသောက်ဆိုင်အား လည်းကောင်း၊  ဧပြီလ ၂၄ ရက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တောင်ပိုင်းရပ်ကွက်၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ တရုတ်−မြန်မာ ဝင်/ထွက်ပေါက် နန်းတော်ရှေ့ဂိတ် ပေါက်တံခါးအနီး၌ လည်းကောင်း ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။