နေပြည်တော်၊ ဧပြီလ ၂၇
ဆူပူအကြမ်းဖက်သူ လူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာအနီး မြစ်ကြီးနား-မိုးညှင်းကားလမ်း၌ လည်းကောင်း၊ ည ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တောင်မြို့ရပ်ကွက် မန္တလေး-လားရှိုး ကားလမ်းဘေးရှိ မြို့နယ်ပညာရေးမှူးရုံး၌ လည်းကောင်း၊ ဧပြီ ၂၇ ရက်နံနက် ၇ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အနီး၌ လည်းကောင်း လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး ပေါက်ကွဲမှု မရှိသေးသော မိုင်းအချို့ကို သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
ထို့အပြင် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ တောကြီးကွဲကျေးရွာ ရန်ကုန်-ပဲခူးကားလမ်းဘေးရှိ နယ်မြေခံတပ်ရင်း၏ အုတ်တံတိုင်းဘေးသို့ ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၁ စီးပေါ်မှ အနက်ရောင် ပလပ်စတစ်အထုပ် ၁ ထုပ် ပစ်ချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေသန့်ဗူးအတွင်း ယမ်းမှုန့်နှင့် သံဘောစေ့ ၁၀၀ ခန့်ကို ရောစပ် ပြုလုပ်ထားသော လက်လုပ်မိုင်းအား Keypad ဖုန်းဖြင့် ဆက်သွယ် ပြုလုပ်ထားသည့် ချိန်ကိုက် လက်လုပ်မိုင်း ၁ ခုအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့သည်။
၎င်းအပြင် ည ၆ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန် သစ်ရပ်ကွက်၊(၄)လမ်းရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးအား လည်းကောင်း၊ ည ၇ နာရီ ၂၀ မိနစ် အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ပတ်ကုန်းဝန်းကျင် ရပ်ကွက်၊ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ အမှတ်(၂၄) အခြေခံပညာ အထက်တန်းကျောင်း တို့အား လည်းကောင်း၊ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်း ကျေးရွာ၊ ရွာလယ်လမ်းရှိ CB ဘဏ်အားလည်းကောင်း၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ (၃၂)လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းထောင့်ရှိ မန္တလေး မြို့တော်ဝန်၏ နေအိမ်အား လည်းကောင်း၊ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား လည်းကောင်း၊ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင် ရပ်ကွက်ရှိ အမှတ်(၂)နယ်မြေ ရဲစခန်းအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် မိတ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအား လည်းကောင်း အကြမ်းဖက်သူများက လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ သဖြင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာများအား သွားရောက်စစ်ဆေးခဲ့ကာ ပေါက်ကွဲမှုမရှိသော လက်လုပ်ဗုံးအချို့အား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧပြီ ၂၆ ရက် ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်၊ ရုံးကြီးလမ်းဆုံ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ကရပ်ပြင်မီးပွိုင့်ဘက်မှ ရုံးကြီးလမ်းဆုံဘက်သို့ ဆိုင်ကယ် စီးနင်းလာသော အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးနှင့် လက်နက်ငယ်တို့ဖြင့် အကြမ်းဖက် ရန်ပြုပစ်ခတ် ထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ဘဏ်၏ ပြတင်း တံခါးမှန် ၁ ချပ် ကွဲကြေပျက်စီးခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင် ရပ်ကွက်၊ အေးရိပ်ချောင်းလမ်းနှင့် စပါးရွှေဝါလမ်းဆုံ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးဆန်းမွှေး(၃၉)နှစ်(ဘ) ဦးလှရွှေပါ မိသားစုဝင် ၃ ဦး သည် တက္ကသိုလ် ရပ်ကွက်အတွင်းမှ ကောက်ယူရရှိခဲ့သည့် အမှိုက်အိတ် ၁ လုံးအား ဖွင့်ဖောက် သွန်ချခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ဦးဆန်းမွှေးပါ မိသားစုဝင် ၃ ဦးတွင် ပါး၊ လည်းပင်း၊ လက်နှင့် ခြေထောက်များတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။
ထို့အပြင် ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်ရှိ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ အုတ်တံတိုင်းနှင့် မီးရထား သံလမ်းအကြား၌ လည်းကောင်း လက်လုပ်မိုင်းများတွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ဖယ်ရှားရှင်းလင်း ပေးခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။